တိုကျို၊ စက်တင်ဘာ ၃

တရုတ်နဲ့ တခြား နိုင်ငံတွေက သူတို့ပိုင်ဆိုင်တယ်လို့ ပြောထားတဲ့ တောင်တရုတ် ပင်လယ်ရှိ အငြင်းပွားနေတဲ့ သန္တာကျောက် ကျွန်းခွေမှာ ကျောက်ချရပ်တန့်ထားတဲ့ တရုတ် ငါးဖမ်းသင်္ဘော အစီးရေ ၂၀၀ ကျော်ကို တွေ့ရှိကြောင်း ဂျပန်နိုင်ငံက ဂြိုဟ်တုပုံရိပ် လေ့လာမှု တစ်ခုအရ သိရပါတယ်။

ဂျပန်ရှိ အမြတ်မယူတဲ့ ပုဂ္ဂလိက ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခု ဖြစ်တဲ့ Deep Dive ရဲ့ လေ့လာမှုက တရုတ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ Mischief Reef သန္တာကျောက် ကျွန်းခွေမှာ သင်္ဘောတွေ အများအပြား ရှိနေကြောင်း ဖော်ပြထားပါတယ်။

ဖောင်တစ်ခုလို ပုံစံမျိုး စုပြီး ရပ်ထားတဲ့ ရေယာဉ် ၂၀ ကျော် အုပ်စု တစ်စုကိုလည်း အဲဒီ အဖွဲ့က ဘယ်နိုင်ငံက ရေယာဉ်တွေ ဖြစ်ကြောင်း ဖော်ပြလာတာပါ။

တရုတ်မှာ စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး Deep Dive ရဲ့ ညွှန်ကြားရေးမှူးချုပ် ဘွန်ဂျီ အိုဟာရာရဲ့ ပြောဆိုချက်အရ အဲဒီ ငါးဖမ်း သင်္ဘောတွေဟာ ရေပြင် စစ်မှုထမ်းတွေကို တင်ဆောင်လာတဲ့ ရေပြင် စစ်သင်္ဘောတွေ ဖြစ်တယ်လို့ ယုံကြည်ရပါတယ်။

Mischief Reef ဟာ ဖိလစ်ပိုင် အထူးစီးပွားရေး ဇုန်အထဲမှာ တည်ရှိတဲ့ သန္တာကျောက် ကျွန်းခွေ ဖြစ်ပါတယ်။

တရုတ်က ၁၉၉၄ ခုနှစ်အတွင်း အဲဒီ သန္တာကျောက်ကျွန်းခွေသို့ စတင်နေရာယူခဲ့တာ ဖြစ်ပြီး မကြာခင်မှာပဲ ထိန်းချုပ်မှု ရယူလိုက်ပါတယ်။

အဲဒီနောက်ပိုင်း တရုတ်က အဲဒီ နေရာမှာ အဆောက်အဦတွေ တည်ဆောက်ပြီး ၂၀၁၀ ပြည့်နှစ်တွေက စလို့ ကြီးမားတဲ့ အတိုင်းအတာနဲ့ မြေနေရာ ဖော်ဆောင်မှု စီမံကိန်းတွေ ပြုလုပ်ခဲ့ပါတယ်။

အခုအချိန်မှာတော့ အဲဒီ နေရာဟာ မီတာ ၃၀၀၀ လောက် ရှည်တဲ့ လေယာဉ် ပြေးလမ်း တစ်ခုပါဝင်တဲ့ စစ်စခန်း တစ်ခု ဖြစ်နေပါပြီ။

အိုဟာရာနဲ့ သူ့ရဲ့အဖော် အထူးသုတေသီ မီယာဘီ အီရှီဟာရာတို့ရဲ့ စီးပွားရေးသုံး ဂြိုဟ်တု ပုံရိပ် လေ့လာမှုမှာ အခုနှစ် မေလလလယ်ပိုင်း လောက်က အဲဒီ သန္တာကျောက် ကျွန်းခွေမှာ ကျောက်ချရပ်တန့် ထားတဲ့ တရုတ် ငါးဖမ်းသင်္ဘော အစီးရေ ၄၀ အောက်ပဲ တွေ့ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သင်္ဘော အရေအတွက်ဟာ မေ ၂၇ ရက်မှာ နှစ်ဆတိုးပြီး ၈၀ စီးအထိ ရှိလာရာက ဇွန် ၄ ရက်မှာ ၁၁၃ စီးအထိ ပိုများလာတာ ဖြစ်ပါတယ်။

နောက်တစ်ရက်မှာတော့ ၁၅၈ စီအထိ ရှိလာခဲ့ကြောင်း သူတို့ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

အဲဒီနောက်ပိုင်း တရုတ် ငါးဖမ်းသင်္ဘောတွေ အဲဒီ သန္တကျောက်ကျွန်းခွေ နေရာမှာ ဆက်လက် စုဝေးလာခဲ့ကြပြီး ဇူလိုင် ၃ ရက်က ၂၂၈ စီးအထိ ရှိလာခဲ့ပါတယ်။

အဲဲဲဒီ သင်္ဘောတွေကြား သင်္ဘော အစီး ၂၀ ကျော်ဟာ ကျောက်ချရပ်တန့်ထားရင်း ဖောင်တစ်ခုလို ပုံစံမျိုး စုစည်းထားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို ပုံစံမျိုး ဖွဲ့စည်းထားတဲ့ သင်္ဘောတွေဟာ ခုတ်မောင်းသွားလာဖို့ မဖြစ်နိုင်ဘဲ ငါးဖမ်းဖို့ အဲဒီ နေရာကို ရောက်ရှိနေတာ မဟုတ်ဘူးလို့ အိုဟာရာက ပြောဆိုထားပါတယ်။

Ref:Asahi

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.