ခတ္တမန္တူ ၊ စက်တင်ဘာ ၃
လူ ၁၀၀၀ ကျော် သေဆုံးပြီး တခြားထောင်ပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နီပေါက ကမ္ဘာပေါ်မှာ ဖန်လုံအိမ် ဓာတ်ငွေ့အများဆုံး ထုတ်လွှတ်တဲ့ နိုင်ငံတွေဆီကနေ ရာသီဥတုဆိုင်ရာ လျော်ကြေး တောင်းခံလိုက်ပါတယ်။
တရုတ်၊ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ အလွန်များပြားတဲ့ လုပ်ရပ်တွေကြောင့် ရာသီဥတု ပြောင်းလဲမှု ဖြစ်စေပြီး နိုင်ငံငယ်လေးတွေက ပေးဆပ်နေရတယ်လို့ နီပေါ နိုင်ငံခြားရေးဝန်ကြီး ရှီဆာ ခါနယ်က Kantipur TV သတင်းဌာနသို့ ပြောပါတယ်။
နီပေါအနေနဲ့ နိုင်ငံတကာမှာ ခေါင်းမော့ထားရမှာ ဖြစ်ပြီး ဒီကိစ္စကို တရားမျှတရေး ကိစ္စ အဖြစ် ပြောင်းလဲရမယ်လို့ သူက အဲဒီ သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုအတွင်းမှာ ပြောပါတယ်။
အဲဒီ တွေ့ဆုံမေးမြန်မှု အစီအစဉ်ကို ယခု သီတင်းပတ် စောစာပိုင်းက ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စကို မိမိတို့အနေနဲ့ ပြည့်စုံရှင်းလင်းစွာ အားအင်အပြည့်နဲ့ နိုင်ငံတကာ စင်္ကြံတွေဆီ တင်ပြသွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
နီပေါ-တိဘက် နယ်စပ်အနီး ကျောက်သားတွေနဲ့ ရေခဲထု အများအပြား ပြိုထွက်မှုကြောင့် ဘိုတက်ခိုရှီ မြစ်ဝှမ်းမှာ သြဂုတ် ၂၆ ရက်က ရေကြီးရေလျှံမှုတွေဖြစ်ပြီးနောက် နီပေါရဲ့ ရာသီဥတုဆိုင်ရာ လျော်ကြေး တောင်းခံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သေဆုံးကြောင်း တရားဝင် ကြေညာထားတဲ့ အရေအတွက် ၁၁၁၄ ဦးအထိ ရှိလာပြီး နောက် လူ ၄၀၀၀ နီးပါး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ရေဘေးကြောင့် လူနေအိမ်တွေ၊ အဓိက တံတားတွေနဲ့ အရေးပါတဲ့ ရေအားလျှပ်စစ် အဆောက်အအုံတွေ ပျက်စီးခဲ့ရပါတယ်။
ကုလသမဂ္ဂရဲ့ နှစ်စဉ် ရာသီဥတု ညီလာခံကို နိုဝင်ဘာလအတွင်း ကျင်းပဖို့ ရှိနေချိန် နီပေါရဲ့ လျော်ကြေး တောင်းခံမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီ ညီလာခံအတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ရာသီဥတုနဲ့ ဆက်စပ်တဲ့ ဆုံးရှုံးမှုများနဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် ရန်ပုံငွေ ပိုမို ရရှိစေရေး ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်မားတဲ့ ချမ်းသာတဲ့ နိုင်ငံတွေကို ဖိအားပေးမယ်လို့ မျှော်လင့်ရ ပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ဘဏ္ဍာရေးအရ ဆုံးရှုံးနစ်နာမှုတွေကို ဘယ်သူက ကျခံသင့်သလဲဆိုတဲ့ ပိုကျယ်ပြန့်တဲ့ အချေအတင် ဆွေးနွေးမှုတွေလည်း ရှိနေချိန်မှာ နီပေါက အခုလိုမျိုး လျော်ကြေး တောင်းဆိုလာတာပါ။
နီပေါအနေနဲ့ ညစ်ညမ်းအောင် လုပ်တဲ့ နိုင်ငံတွေကိုယ်စား ကမ္ဘာကြီးရဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချပေးလို့ မရနိုင်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြား ပါတယ်။
ကမ္ဘာကြီးက ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေ ထပ်ပြီး မီးရှို့နေချိန်မှာ မီးစင်ကြည့်ကပြီးတော့ ဟိမဝန္တာဒေသတွေကို နီပေါ တစ်နိုင်ငံတည်းက ကာကွယ်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံတကာအဖွဲ့ ၂၀၀ နဲ့ ဖွဲ့စည်းထားတဲ့ အရပ်ဖက် ညွှန့်ပေါင်း အဖွဲ့ ရာသီဥတုဆိုင်ရာ တရားမျှတမှု တောင်းဆိုရေး ကမ္ဘာလုံးဆိုင်ရာ အဖွဲ့က စက်တင်ဘာ ၁ ရက်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တခြားနေရာ အများအပြားက ဖန်တီးထားတဲ့ ပြဿနာ တစ်ခုရဲ့ အန္တရာယ်ကနေ သူတို့ ပြည်သူတွေကို ကာကွယ်ပေးဖို့ နောက်ထပ် အကြွေးတွေလည်း မယူသင့်ဘူးလို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
နီပေါအနေနဲ့ ပျက်စီး ဆုံးရှုံးမှုတွေအတွက် တုံ့ပြန်ရေး ကုလသမဂ္ဂ ရန်ပုံငွေအဖွဲ့ဆီက အရေးပေါ် ရန်ပုံငွေ တောင်းခံထားတယ်လို့ အင်တာဗျူးမှာ ဝန်ကြီ’ ခါနယ်က ပြောပါတယ်။
အဲဒီ ရန်ပုံငွေကို ရာသီဥတုနဲ့ ဆက်စပ်တဲ့ သဘာဝ ဘေးအန္တရာယ်တွေကြောင့် ထိခိုက်လွယ်တဲ့ နိုင်ငံတွေ နလန်ပြန်ထူနိုင်ရေး ကူညီပေးဖို့ ထူထောင်ထားတာ ဖြစ်ပါတယ်။
ပြန်နလန်ထူရေး ကုန်ကျစရိတ်တွေဟာ ပြည်တွင်းရင်းမြစ်တွေထက် အများကြီး ပိုများနေတယ်လို့ အဲဒီ ရန်ပုံငွေ အဖွဲ့ထံ ပေးပို့ထားတဲ့ စာတစ်စောင်မှာ အရာရှိတွေက ပြောကြားထားပါတယ်။
ဒီဇင်ဘာလအတွင်း ကျင်းပမယ့် ရန်ပုံငွေအဖွဲ့ ဘုတ်အဖွဲ့ အစည်းအဝေးကို စောင့်နေမယ် ဆိုရင် အရမ်း နောက်ကျသွားမှာ ဖြစ်ကြောင်းလည်း နီပေါလ်အရာရှိတွေက ပြောဆိုထားပါတယ်။
Ref:BLOOMBERG

