အမေရိကန် ဆုငွေထုတ်ထားတဲ့ Tai Chang ကျားဖြန့်ဂိုဏ်း DKBA ထိန်းချုပ်နယ်မြေမှာ လုပ်ငန်း ဆက်လက်လည်ပတ်နေ

မြဝတီ၊ နိုဝင်ဘာ ၁၉

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA လုံခြုံရေးယူကာကွယ်ပေးထားတဲ့ Tai Chang ကျားဖြန့်ဂိုဏ်းရဲ့ သတင်းအချက်အလက်ပေးနိုင်သူတွေကို ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ပေးအပ်မယ်လို့ အမေရိကန်က ထုတ်ပြန်ကြေညာထားပေမယ့် DKBA ကတော့ ဂရုမစိုက်ဘဲ သူတို့ရဲ့ထိန်းချုပ်နယ်မြေတွေထဲမှာ Tai Chang အပါအဝင် ကျားဖြန့်လုပ်ငန်းတွေကို ဆက်လက်လည်ပတ်နေဆဲပဲလို့ နယ်မြေခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာနိုင်ငံရှိ ထိုက်ချန်း(Tai Chang) ငွေလိမ်စင်တာတွေနဲ့ ဆက်စပ်နေတဲ့ ငွေကြေးတွေကို ပြန်လည်သိမ်းဆည်းရမိရေး အထောက်အကူပြုမယ့် သတင်းအချက်အလက်တွေ ပေးပို့နိုင်သူတွေအတွက် အမေရိကန်အစိုးရက ဆုငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်သွားမယ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထပ်မံပြီး သတင်းထုတ်ပြန်အသိပေးထားတာပါ။

မြန်မာနိုင်ငံရှိ ငွေလိမ်လုပ်ငန်းတွေဟာ ကမ္ဘာတစ်ဝန်းရှိ ပြည်သူတွေကို ထိခိုက်နစ်နာစေလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ အဲဒီကိစ္စရပ်တွေအပေါ် အရေးယူဆောင်ရွက်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီရာဇဝတ်လုပ်ငန်းတွေဟာ အမေရိကန်နိုင်ငံသားတွေထံက ငွေကြေးတွေကို လိမ်လည်ခိုးယူနေတဲ့အပြင် လူကုန်ကူးခံရပြီး ငွေလိမ်လုပ်ငန်းတွေမှာ အဓမ္မခိုင်းစေခံနေရသူတွေအပေါ်မှာလည်း ခေါင်းပုံဖြတ်အမြတ်ထုတ်လျက်ရှိတယ်လို့ အမေရိကန်သံရုံးက ဆိုထားပါတယ်။

Tai Chang ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ပေးနိုင်သူတွေကို အမေရိကန်ဒေါ်လာ ၁၀ သန်း ပေးအပ်သွားမယ်လို့ ကြေညာထားတဲ့ Tai Chang ကျားဖြန့် အွန်လိုင်းငွေလိမ်စင်တာ ၃ ခုဟာ ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်နား ကျောက်ခက်နယ်မြေဒေသတဝိုက်နားမှာ တည်ရှိပါတယ်။

ဒီ Tai Chang ကျားဖြန့်ငွေလိမ်စင်တာ ၃ ခုဟာ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေထဲမှာ တည်ရှိတာပါ။

DKBA တပ်ဖွဲ့နဲ့ ထိပ်ပိုင်းတာဝန်ရှိခေါင်းဆောင်တွေအပေါ် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံတကာကနေ အရေးယူပိတ်ဆို့မှုတွေ၊ ဆုကြေးငွေထုတ်ထားမှုတွေ ရှိနေပေမယ့်လည်း DKBA ကတော့ သူ့ရဲထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်၊ ဆုံဆည်းမြိုင်အပါအဝင် ဘုရားသုံးဆူဒေသတွေမှာပါ ကျားဖြန့်လုပ်ငန်းတွေ အရှိန်အဟုတ်မပျက် ဆက်လက်လည်ပတ်နေဆဲပဲ ဖြစ်ပါတယ်။

အထူးသဖြင့် နာမည်ထွက်နေတဲ့ DKBA စီးပွားရေးကော်မတီဥက္ကဌ ဗိုလ်ချုပ်စိုင်းကျော်လှ ထိန်းချုပ်နယ်မြေ ကျောက်ခက်နယ်မြေနဲ့ DKBA ဗဟိုဌာနချုပ် ဆုံဆည်းမြိုင်အပါအဝင် ဝါးမီထ၊ တောင်နီ စတဲ့ကျေးရွာတွေအတွင်း ကျားဖြန့်လုပ်ငန်းတွေ ဆက်ပြီးတည်ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီနယ်မြေထဲက ကျားဖြန့်လုပ်ကိုင်နေသူတချို့တဝက်ကိုတော့ DKBA ဗိုလ်ချုပ်စောဆန်းအောင်၊ စိုင်းကျော်လှဦးဆောင်တဲ့ အဖွဲ့က စုကလိမြို့ဝန်းကျင်နားက မုလအိတောင်ခြေဘက်ကို ရွှေ့ပြောင်းပေးကာ အဆောက်အအုံအသစ်တွေ ထပ်မံတည်ဆောက်ပြီး ကျားဖြန့်လုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မုလအိတောင်ခြေဘက်မှာ အသစ်ထပ်မံဆောက်လုပ်ထားတဲ့ ကျားဖြန့် အဆောက်အအုံသစ်တွေမှာ အလုပ်လုပ်ကိုင်ဖို့ရန်အတွက် လူခေါ်ယူနေတာတွေရှိပြီး ဒေသအတွင်းမှာရှိတဲ့ ဒေသခံတွေတချို့ကတော့ သွားရောက်ပြီး အလုပ်လုပ်နေကြတာတွေရှိတယ်လို့လည်း နယ်မြေခံတွေက ဆိုကြပါတယ်။

Tai Chang ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်ပေးနိုင်သူတွေကို ဆုကြေးငွေ ဒေါ်လာ ၁၀ သန်း ပေးအပ်မယ်လို့ အမေရိကန်က ထုတ်ပြန်ကြေညာထားမှုအပေါ် DKBA အနေနဲ့ လက်ရှိအချိန်အထိ တုံ့ပြန်တာတွေ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.