မွန်မှာ ရဟန်းသံဃာတွေ ကား၊ ဆိုင်ကယ် ကိုယ်တိုင်မမောင်းဖို့ စစ်အစိုးရတားမြစ်

မော်လမြိုင် ၊ နိုဝင်ဘာ ၁၉

မွန်ပြည်နယ်မှာ ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေအနေနဲ့ မော်တော်ဆိုင်ကယ်နဲ့ ကားတွေကို ကိုယ်တိုင်မမောင်းဖို့ စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရရဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက လိုက်လံတားမြစ်မှုတွေ လုပ်ဆောင်နေပါတယ်။

ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေ မော်တော်ဆိုင်ကယ်နဲ့ကားတွေကို ကိုယ်တိုင် မမောင်းဖို့ စစ်အစိုးရ လက်အောက်ခံတွေနဲ့ မြို့နယ် သံဃာစည်းကမ်း ထိန်းသိမ်း‌ရေး အဖွဲ့ဝင် ဆရာတော်တွေက နိုဝင်ဘာလဆန်းပိုင်းကစလို့ သက်ဆိုင်ရာ မြို့နယ်အလိုက် အသိပေး တားမြစ်မှုတွေ လုပ်ဆောင်နေတာပါ။

အခုလို အသိပေးတာတွေ လုပ်ဆောင်နေပေမယ့် ဆိုင်ကယ်နဲ့ ကား ကိုယ်တိုင်မောင်းတဲ့ ရဟန်း၊ သာမဏေနဲ့ သီလရှင် တွေကို ဘယ်လို အရေးယူသွားမလဲဆိုတာကိုတော့ စစ်အစိုးရက ထုတ်ပြန်ထားတာ မရှိပါဘူး။

ဘီးလင်း ဒေသခံ တစ်ဦး ကတော့ ရဟန်းသံဃာတွေကို ပထမအနေနဲ့ ပညာပေးတာတွေ လုပ်ဆောင်နေပြီး နောက်ပိုင်း သံဃာတွေ ကိုယ်တိုင် မောင်းနှင်းပါက မော်တော်ယာဉ်ကို နိုင်ငံပိုင်အဖြစ် သိမ်းမယ်ဆိုပြီး ပြောဆိုတာ ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့က ပထမတော့ ပညာပေးအနေနဲ့ ဈေးတွေ လမ်းဆုံတွေမှာ လိုက်လံအသိပေးနေတယ်။ နောက်မစီးဖို့ ပြောတာ၊ နောက်စီးရင်တော့ အရေးယူတော့မယ် ဆိုတဲ့အကြောင်း သူတို့က ကားသိမ်းမှာပေါ့။စီးလာတဲ့ယာဉ်ကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းမယ်ပေါ့။ သံဃာစီးတဲ့ ကားကို သံဃာ မောင်းပိုင်ခွင့် မရှိတော့ဘူးပေါ့၊ ဒကာတွေ မောင်းပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရ လက်အောက်ခံတွေက သံဃာတွေ ကိုယ်တိုင် ကားနဲ့ ဆိုင်ကယ် မမောင်းဖို့ ပညာပေးကာလလို့ ပြောပေမယ့် ပညာပေးကာလကို ဘယ်ရက်ကနေ ဘယ်ရက်အထိ လုပ်ဆောင်သွားမလဲဆိုတာကိုတော့ အတိအကျ ပြောဆိုတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မော်လမြိုင် ဒေသခံ တစ်ဦးကတော့ ဘုန်းကြီးကျောင်း စတေကာတွေ ကပ်ပြီး စီးတဲ့ ကားအများစုဟာ ဘုန်းကြီးကျောင်းနဲ့ ပတ်သက်သူတွေ စီးတာများပြီး မောင်းချင်သလို မောင်းတဲ့အတွက် တကယ် အရေးယူပါက ကောင်းတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တကယ်တန်းကျတော့ ဘုန်းကြီးကျောင်း တစ်ကျောင်းကို ကားတစ်စီးဆို လုံလောက်ပါပြီ။ အများဆုံး အလွန်ဆုံး နှစ်စီးပေါ့၊ ဘုန်းကြီးကျောင်းတွေကို အကြောင်းခံ ပြီးတော့ စတောကာတွေ ကပ်ပြီးတော့ သူတို့ရဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ စီးလာတာ ပိုများတယ်။ ပြီးတော့ သူတို့က ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုတာ မရှိသလိုပဲ။ ရမ်းချင်တိုင်း ရမ်းတယ်၊ မောင်းချင်တိုင်း မောင်းတယ်”လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ သာသနာဆိုင်ရာ နံပါတ်ပြား အဝါရောင် တပ်ဆင်ပြီး မောင်းနှင်တဲ့ မော်တော်ယာဉ် အများစုဟာ လိုင်စင်မဲ့ယာဉ်တွေ ဖြစ်ပြီး တချို့ သံဃာ ကိုယ်တိုင် မောင်းနှင်းတာ ရှိသလို တချို့ ဘုန်းကြီးကျောင်း အမည်ခံကာ အိမ်စီးကား ပုံစံ ဒါကာတွေ မောင်းနှင်နေတာပါ။

အရင်က စစ်အစိုးရ လက်အောက်ခံတွေဟာ သာသနာ ဆိုင်ရာ နံပါတ်ပြား တပ်ဆင် ထားပါက စစ်ဆေးမှု မရှိဘဲ အလွယ်တကူ သွားလာခွင့် ပြုတဲ့ အတွက် မော်တော်ယာဉ်တွေကို စည်းမဲ့ ကမ်းမဲ့ မောင်းနှင်းပြီး ယာဉ်မတော်တဆ ဖြစ်မှုတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ် မှာတော့ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း စစ်အစိုးရက ပြီးခဲ့တဲ့လတွေက လိုင်စင်မဲ့ မော်တော်ယာဉ် တွေကို စီမံချက်နဲ့ ဖမ်းဆီးစဉ်ကလည်း ဘုန်းကြီးကျောင်းတွေအနေနဲ့ လိုင်စင်မဲ့ယာဉ်တွေ မစီးနင်းဖို့ သတိပေးတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.