အာဆီယံကနေ မြန်မာနုတ်ထွက်နိုင်တယ်လို့ အာဏာသိမ်းသမ္မတပြော

နေပြည်တော်၊ နိုဝင်ဘာ ၁၉

စစ်အစိုးရအပေါ် ဆက်လက်ကန့်သတ်ထားတဲ့ အာဆီယံရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ ကျိုးကြောင်းဆီလျော်မှု မရှိတာကြောင့် အာဆီယံနဲ့ ရှေ့ဆက် ဆက်ဆံဆောင်ရွက်ဖို့ ပြန်လည်သုံးသပ်သွားမယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။

နိုဝင်ဘာ ၁၈ ရက်က ကျင်းပခဲ့တဲ့ တတိယကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးကနေ ကိုယ်တိုင်ခန့် သမ္မတက နှစ်နာရီကျော်ကြာ ပြောကြားခဲ့တဲ့ မိန့်ခွန်းရဲ့ နောက်ဆုံးအကြောင်းအရာဖြစ်တဲ့ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့တာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့မှာ လက်ရှိအချိန်အထိ နိုင်ငံရေးအကျပ်အတည်းတွေ အာဏာသိမ်းမှုတွေ ရွေးကောက်ပွဲမှာ အငြင်းပွားမှုတွေ မဲသမာမှုတွေ ပဋိပက္ခဖြစ်ပွားမှုတွေ ရှိခဲ့သလို တင်းကျပ်တဲ့ ဒီမိုကရေစီလုပ်ဆောင်ချက်တွေ သာဓကများစွာရှိတယ်လို့ ဆိုပါတယ်။

ဒီအပေါ် အာဆီယံက ဘာတစ်ခုမှ ဖိအားပေးတာတွေ မရှိခဲ့ဘဲနဲ့ မြန်မာနိုင်ငံကျမှ နိုင်ငံအရေးအရ ဖိအားပေးတာတွေ နိုင်ငံကို သိက္ခာချတာတွေ လာလုပ်တာ တွေ့ရတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

နိုဝင်ဘာ ၁၅ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေက ဘုံသဘောတူညီချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ကာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတာပါ။

အဲဒီဆုံးဖြတ်ချက်တွေထဲမှာ စစ်အစိုးရက လိုက်နာဖို့ ပျက်ကွက်ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကနေ ငြင်းပယ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံက မြန်မာ့အရေး ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်လက်အတည်ပြုခဲ့ပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရာမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ တိုးတက်မှု မရှိသရွေ့ အာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အာဏာသိမ်းစစ်တပ်ကနေ အရပ်သားအသွင်ပြောင်းထားတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့်ကို ဆက်လက်ပိတ်ပင်ခံထားရတာပါ။

ဒီအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ ကြေညာချက်တွေအဖြစ် တွေ့ရပြီး လုပ်ပိုင်ခွင့်ရှိတဲ့သူ သုံးလေးဦးကနေ ပုဂ္ဂိုလ်ရေးဆန္ဒနဲ့ ဆန့်ကျင်ဆွေးနွေးနေကြတာဖြစ်လို့ စစ်အစိုးရအနေနဲ့ အာဆီယံနဲ့ ရှေ့ဆက် ဆက်ဆံရေးအတွက် ပြန်လည်သုံးသပ်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ အာဆီယံဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်စေရေးထက် စစ်အစိုးရဦးဆောင်တဲ့ မြန်မာနိုင်ငံရဲ့ ရပ်တည်ချက် အချုပ်အခြာအာဏာနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို ထည့်သွင်းပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်အဖြစ်ကနေ အရပ်သားအရေခြုံပြီး ကိုယ်တိုင်ခန့် သမ္မတရာထူးနဲ့ အာဆီယံအဖွဲ့ဝင် ငါးနိုင်ငံကို သွားရောက်ခဲ့မှုအတွင်း မြန်မာနိုင်ငံဟာ အာဆီယံမှာ ပုံမှန်ရှိနေဖို့ လိုလားကြောင်း အဲဒီနိုင်ငံ ခေါင်းဆောင်တွေက ထုတ်ပြောခဲ့ကြောင်းကိုလည်း မိန့်ခွန်းမှာ အသိပေးထားတာပါ။

အာဆီယံရဲ့ လုပ်ဆောင်ချက်တွေအားလုံးဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ ဆန္ဒမဟုတ်ဘဲ ဘုံသဘောတူညီချက်ဖြစ်တာမို့ တစ်ယောက် နှစ်ယောက်က ကန့်ကွက်ရင် မရတာကြောင့် စစ်အစိုးရအပေါ် အခုလိုမျိုး ကန့်သတ်မှုတွေ လုပ်တာလို့ ဆက်ပြောပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဧပြီလတုန်းက ဂျာကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကိုယ်တိုင်သွားရောက်ခဲ့ပြီး ဘုံသဘောတူညီချက် ၅ ရပ်ဟာ နောက်ဆက်တွဲ ကြေညာချက်ဖြစ်လို့ လက်မခံကြောင်းကိုလည်း ပြောဆိုခဲ့တယ်လို့ လွှတ်တော်အမတ်တွေကို ရှင်းပြခဲ့တာပါ။

တစ်ဘက်မှာတော့ စစ်အစိုးရအပေါ် အမြဲတမ်း ပြဿနာဖြစ်နေတဲ့ အင်အားကြီးနိုင်ငံ အမေရိကန်နဲ့လည်း ဆွေးနွေးဆက်ဆံမှုတွေ အတိုင်းအတာတစ်ခု ရှိပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊အိန္ဒိယ၊ထိုင်း၊ လာအို စတဲ့ နိုင်ငံတွေကို ဦးစားပေးရမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်စပ်ပြဿနာတွေကြောင့် အခက်အခဲရှိပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ အသိပေးထားတာပါ။

စစ်အစိုးရအနေနဲ့ အာဏာတည်တံ့ရေးအတွက် မဟုတ်ဘဲ တိုင်းပြည်ကောင်းအောင် လုပ်ဆောင်နေတာဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ပူးပေါင်းပြီး တိုင်းပြည်ကောင်းအောင် တိုးတက်မှုရှိအောင် ဆောင်ကျဉ်းပေးကြဖို့ သမ္မတဖြစ်ချင်လို့ အာဏာသိမ်းခဲ့တဲ့ သူက တိုက်တွန်းထားတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို အရင်းခံပြီး အပိုင်းလိုက်ရွေးကောက်ပွဲကနေ ဖွဲ့စည်းထားတဲ့ စစ်အစိုးရအနေနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုကို မရရှိသေးတဲ့အခြေအနေမှာ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကနေ ချမှတ်မယ့် စီရင်ချက်ကိုလည်း ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Asean

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.