ထီးလင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ များပြား

မကွေး နိုဝင်ဘာ ၁၈

ထီးလင်းမြို့ကနေ ထွက်ခွာလာတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား လေးရက်ကြာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ဗိုလ်မှူးအဆင့်အပါအဝင် ထိခိုက်သေဆုံးသူ များပြားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၈၀ ပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထီးလင်းမြို့ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး သရခါရွာမှာ ယာယီအခြေပြုခဲ့ကာ ဂျီချောင်းကတဆင့် ဖောက်တောင်ဘက်ကို ဆက်လက်ရွေ့လျားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

“နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ အတိအကျ မသိရသေးလို့ ဒေသခံတပ်ရင်း တပ်ဖွဲ့တွေက ထုတ်ပြန်မှသိရပါလိမ့်မယ်။” လို့ ထီးလင်းဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကြောင်းတလျှောက်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ၄ ရက်ကြာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

နိုဝင်ဘာ ၁၅ ရက်နေ့ ဂျီချောင်းတိုက်ပွဲအတွင်းမှာတော့ တပ်မ ၉၉၊ လက်အောက်ခံ ခမရ ၃၁၅ စစ်ကြောင်းရဲ့ ဒုတိယတာဝန်ခံ ဗိုလ်မှူးမျိုးမြင့်အောင် သေဆုံးခဲ့တာဖြစ်ပြီး သူ့ရဲ့ရုပ်အလောင်းကို ဂျီချောင်းတောင်ဘက်ရှိ ကုန်းတစ်ခုပေါ်မှာ မီးရှို့သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမှာ အထိနာတာကြောင့် အာဏာသိမ်းစစ်တပ်ဘက်က တိုက်လေယာဉ် ၅ စီးအထိ အသုံးပြုပြီး လေကြောင်းပစ်ကူပေးခဲ့ရကာ Y-12 စစ်ထောက်ပို့လေယာဉ်တစ်စီးနဲ့လည်း လိုအပ်တဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းပေးခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ဂျီချောင်းအနီးဝန်းကျင်ကို ဂျက်ဖိုက်တာ ၄ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းမှာ အောင်းရွာကိုဝင်ရောက်လာပြီး အဲဒီကတဆင့် ရွှေအောင်သာရွာဘက်ကို ပြန်လည်ဦးတည်လာနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.