မုဒုံမှာ ရဲတပ်သား ၁ ဦးနဲ့ ဒေသခံ ၁ ဦး ပစ်ခတ်ခံရ

မုဒုံ၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြိုနဲ့ မုဒုံမြို့အဝင် ဖားအောက်တောရကျောင်းလမ်းမှာ ရဲတပ်သား ၁ ဦးနဲ့ ဒေသခံ ၁ ဦး ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ကမာဝက်နယ်မြေရဲစခန်းက ရဲတပ်သား ဆန်းလွင်ဦးဟာ ရဲစခန်းအနီး ဗိုလ်ချုပ်လမ်း ဆေးရုံအနောက်ဘက်ရှိ စျေးဆိုင်မှာ စျေးဝယ်နေချိန် ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာပင် ဝက်တဲကျေးရွာနေ ကိုမျိုးသူရအောင်ဟာ ကျုံဖိုက်ကျေးရွာကနေ မုဒုံကို ဆိုင်ကယ်နဲ့အလာ မြို့ဝင်ကြေး ကောက်ခံတဲ့ဂိတ်နဲ့ဖားအောက်တောရကျောင်းအကြားအရောက်မှာ အနောက်ကနေ ကားနဲ့လိုက်လာတဲ့သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

တစ်နေ့တည်းဖြစ်ခဲ့တဲ့ ပစ်ခတ်မှုနှစ်ခုလုံးမှာ ဒဏ်ရာရသူ နှစ်ယောက်လုံးဟာ စိုးရိမ်ရတဲ့ အခြေအနေရှိပြီး ပစ်ခတ်ခံရတဲ့ ဒေသခံကတော့ သာမန်ရော်ဘာလုပ်ငန်း လုပ်ကိုင်သူဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်ခံရသူ ၂ ဦးဟာ ဝမ်းဗိုက်၊ လက်နဲ့ နောက်ကျောတွေမှာ ကျည်ထိမှန်ထားတာကြောင့် စိုးရိမ်ရအခြေအနေရှိကြောင်း မော်လမြိုင် ပြည်သူ့းဆေးရုံကို တင်ပို့ကုသနေကြရပါတယ်။

ပစ်ခတ်မှု ၂ ခုကို ဘယ်အဖွဲ့တွေက ဘာကြောင့် ပြုလုပ်ခဲ့တယ်ဆိုတာ နိုဝင်ဘာ ၁၈ ရက်နေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

နိုဝင်ဘာ ၈ ရက်နေ့ကလည်း ဝက်တဲကျေးရွာနေ အသက် ၂၂ နှစ်အရွယ် ထက်မြက်ဝင်း ခေါ် စနေဦးဟာ ဆိုင်ကယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ကနာလိုကျေးရွာဘက်အသွား နိုင်လုံရွာနဲ့ ၄ မိုင်ခန့်အကွာ အရောက်မှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့လို့ ဒဏ်ရာပြင်းထန်ရခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.