နည်းပညာချွတ်ယွင်းမှုတွေ ဖြစ်ပွားပြီးနောက် စနစ်တကျ တိုက်ခိုက်ခံနေရတာ မဟုတ်ဘူးလို့ အမေရိကန် ပြော

ဝါရှင်တန် ၊ နိုဝင်ဘာ ၁၈

ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ နည်းပညာဆိုင်ရာ ချွတ်ယွင်းမှုတွေဟာ ဆက်စပ်မှု ရှိတယ်ဆိုတဲ့ အွန်လိုင်းပေါ်က လူအများ စိုးရိမ်မှုတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပယ်ချပြီး ဆက်စပ်မှုရှိတယ်ဆိုတဲ့ အထောက်အထား လုံးဝ မရှိဘူးလို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အမေရိကန်မှာ လေကြောင်း ခရီးစဉ်တွေ အားလုံးရပ်တန့်ထားပြီး ဘဏ်လုပ်ငန်း၊ အက်ပ်ပဲလ်နဲ့ မိုက်ကရိုဆော့ဖ် ဝန်ဆောင်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက် ဖြစ်မှုတွေ အပါအဝင် နည်းပညာ ချွတ်ယွင်းမှုတွေဟာ အကြံအစည် တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ဆက်စပ်နိုင်တယ်ဆိုပြီး လူတွေ စိုးရိမ်နေကြတာကို ဝန်ကြီး ရူဘီယိုက အသိအမှတ်ပြုပါတယ်။

ဒါပေမဲ့ မိမိတို့ဟာ စနစ်တကျ တိုက်ခိုက်ခံနေရတာ မဟုတ်ဘဲ အဲဒီ ဖြစ်ရပ်တွေ အပြန်အလှန် ဆက်စပ်မှု မရှိဘူးလို့ သူက ပြောပါတယ်။

နည်းပညာချွတ်ယွင်းမှုတွေ အချင်းချင်း ဆက်နွယ်မှုရှိတယ်ဆိုတဲ့ အထောက်အထား မတွေ့ရကြောင်း ဆိုက်ဘာ လုံခြုံရေးပညာရှင်တွေက ပြောထားပြီး ပြဿနာတွေဟာ သက်တမ်းရင့်နေတဲ့ အခြေခံ ပစ္စည်းတွေမှာ အချိန်နဲ့ တပြေးညီ ဖြစ်အောင် ပြင်ဆင်မှုတွေကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မိုက်ကရိုဆော့ဖ်ရဲ့ ဝန်ဆောင်မှုတွေ ကမောက်ကမ ဖြစ်ပြီး အမေရိကန် လေကြောင်း ခရီးစဉ်တွေ အားလုံး နာရီပေါင်းများစွာကြာအောင် ရပ်ထားခဲ့ရပါတယ်။

နည်းပညာ ပြဿနာကြောင့် ဖြစ်ပုံပေါ်တဲ့ အဲဒီ ချွတ်ယွင်းမှုတွေကြောင့် အမျိုးသား လုံခြုံရေးအေဂျင်စီလည်း ပြဿနာတက်ခဲ့ပြီး အမေရိကန်ရဲ့ အကြီးဆုံး ဘဏ်တွေနဲ့ အက်ပ်ပဲလ် ကုမ္ပဏီတို့ရဲ့ နည်းပညာတွေကို ထိခိုက်စေခဲ့ပါတယ်။

ထိခိုက်မှုရှိတဲ့ ကုမ္ပဏီတွေနဲ့ အေဂျင်စီတိုင်းက အဲဒီ ဖြစ်ရပ်တွေဟာ ဆိုက်ဘာ တိုက်ခိုက်မှုနဲ့ ဆက်စပ်မှု မရှိဘဲ ပြင်ပနိုင်ငံ တစ်နိုင်ငံရဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ပြောထားပါတယ်။

အမေရိကန် အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျေး ကလေတွန်ကလည်း အဲဒီ ဖြစ်ရပ်တွေဟာ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဖြစ်တာ မဟုတ်ကြောင်း ပြောကြားပြီး နာရီပိုင်းအကြာမှာ ဝန်ကြီး ရူဘီယိုက အခုလိုမျိုး ပြောဆိုလာတာပါ။

ပြည်သူလူထု စိုးရိမ်မှုတွေကြောင့် တွေကြောင့် ကုန်စည်တွေ အစုလိုက် အပြုံလိုက်စုဆောင်းတာနဲ့ ဘဏ်တွေဆီ ပြေးတာတွေတွေ ဖြစ်လာနိုင်တာနဲ့ ပတ်သက်လို့ ထရန့် အစိုးရက စိုးရိမ်သလားလို့ ရူဘီယိုကို မေးမြန်းခဲ့ ပါတယ်။

အစိုးရအနေနဲ့ ပြည်သူတွေကို သူတို့ သိထားသမျှ ဝေမျှပေးပြီးတော့ လူထု စိုးရိမ်မှုတွေကို အကောင်းဆုံး ဖြေရှင်းသင့်တယ်လို့ ရူဘီယိုက ပြောပါတယ်။

မိုက်ကရိုဆော့ဖ်ရဲ့ နည်းပညာ ချွတ်ယွင်းမှုကြောင့် အီးမေးလ် အပါအဝင် သူတို့ရဲ့ ဝန်ဆောင်မှုတွေ အများကြီး အနှောင့်အယှက်တွေ ဖြစ်သွားခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက် နောက်ပိုင်း နည်းပညာနဲ့ ဆက်စပ်တဲ့ အနှောင့်အယှက် ဖြစ်မှုတွေ နေ့တိုင်းနီးပါး ဖြစ်ပေါ်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.