နေပြည်တော် ၊ နိုဝင်ဘာ ၁၈
အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းကာ မြန်မာ့အရေး အခြေအနေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေတဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းလုပ်ဆောင်ပေးသင့်တယ်လို့ Justice For Myanmar က နိုဝင်ဘာ ၁၇ ရက်မှာ တိုက်တွန်းထုတ်ပြန်ပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ မနီလာမြို့မှာ တွေ့ဆုံခဲ့ချိန် မြန်မာစစ်အုပ်စုနဲ့ စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံတာတွေ၊ စီးပွားရေးလုပ်ငန်းတွေကို ပုံမှန်အတိုင်း ဆက်လက်လုပ်ဆောင်တာတွေနဲ့ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ပံ့ပိုးကူညီနေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ မြန်မာပြည်သူတွေအပေါ် ပိုမိုကျယ်ပြန့်လာနေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အပြစ်ပေး အရေးယူခံရခြင်းကနေ လုံးဝလွတ်ကင်းစွာ လုပ်ဆောင်နိုင်စေတဲ့ လက်ရှိ အခြေအနေကိုလည်း ဆက်လက်ထိန်းသိမ်းထားနေတာ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးတွေမှာ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် စစ်အုပ်စုရဲ့ တခြားကိုယ်စားလှယ်တွေက အစည်းအဝေးတွေ၊ သင်တန်းတွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပုံမှန်ပါဝင် တက်ရောက်နေတာပါ။
အဲဒီထဲမှာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို တိုက်ရိုက်ကျူးလွန်နေတဲ့ ကြည်းတပ်၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တို့လည်း ပါဝင်နေပြီး “အကြမ်းဖက်မှုတိုက်ဖျက်ရေး” နဲ့ ဒရုန်းအသုံးပြုမှုလိုမျိုး ကဏ္ဍတွေမှာ ပါဝင်လေ့ကျင့်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ရပ်ကို ပံ့ပိုးကူညီရမယ့်အစား အာဆီယံရဲ့ ကာကွယ်ရေးအစီအစဉ်တွေက အကျပ်အတည်းရဲ့ အကြောင်းရင်းခံဖြစ်တဲ့ စစ်အုပ်စုကို လေ့ကျင့်သင်ကြားပေးပြီး ပိုမိုအတင့်ရဲလာစေဖို့ အားပေးအားမြှောက်ပြုနေတယ်လို့ JFM က ထောက်ပြပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကလည်း အဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စစ်သုံးပစ္စည်း၊ ဝန်ဆောင်မှုနဲ့ လေယာဉ်ဆီ ထောက်ပံ့နေမှုတွေကို ဖုံးကွယ်ပေးထားတာပါ။ အဲဒီထောက်ပံ့မှုတွေက စစ်အုပ်စုရဲ့ မြန်မာပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးတာတွေ၊ မတရားဖမ်းဆီးတာတွေနဲ့ ညှဉ်းပမ်းနှိပ်စက်တာတွေကို ကျူးလွန်နိုင်စေတာ ဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ကိုင်တာကလည်း အာဆီယံအဖွဲ့ဝင်အစိုးရတွေကိုပါ တိုက်ရိုက်ပတ်သက်ငြိစွန်းစေပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီက သဘာဝဓာတ်ငွေ့တင်သွင်းမှုကနေ စစ်အုပ်စုထံ ငွေကြေးစီးဆင်းစေသလို ဗီယက်နမ်နိုင်ငံပိုင် Viettel ကုမ္ပဏီကလည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာပါ။
ဒါ့အပြင် မလေးရှား၊ စင်ကာပူနဲ့ ထိုင်းအစိုးရတွေက ကုမ္ပဏီတွေကို စစ်အုပ်စုထံ စစ်လက်နက်၊ စစ်သုံးပစ္စည်းနဲ့ လေယာဉ်ဆီရောင်းချမှုတွေ ကြားခံပွဲစားလုပ်ဆောင်နိုင်ဖို့ သူတို့ရဲ့ နယ်မြေပိုင်နက်အတွင်း အခြေစိုက်လုပ်ကိုင်ခွင့် ပေးထားတဲ့အပြင် ဘဏ္ဍာရေးစနစ်တွေကနေတဆင့် ငွေပေးချေမှုတွေကိုလည်း ခွင့်ပြုထားပါတယ်။
ဒါကြောင့် အာဆီယံနဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေကို ပိတ်ဆို့ဟန့်တားတာနဲ့ စစ်အုပ်စုကို တရားဝင်မှု ပေးအပ်နေတာတွေကို ရပ်တန့်ရမယ်လို့ JFM က တောင်းဆိုထားတာပါ။
အဲဒီအစား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာ၊ မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာတွေကိုလည်း လုပ်ဆောင်သင့်တယ်လို့ အကြုံပြုတိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

