အူလန်ဘာတော်၊ နိုဝင်ဘာ ၁၈
အာဏာရ မွန်ဂိုလီးယား ပြည်သူ့ပါတီက နောက်ထပ် နိုင်ငံရေးသမား တစ်ယောက်က မွန်ဂိုလီးယား သမ္မတ ခူရယ်ဆူး အူခနာဟာ လွန်ခဲ့တဲ့ ၇ နှစ်က ဝန်ကြီးချုပ် ရာထူး တာဝန်ထမ်းဆောင်နေချိန် အစိုးရ ရထားလမ်း စီမံကိန်း တစ်ခုကနေ ဘဏ္ဍာရေး အကျိုးအမြတ် ရရှိခဲ့တယ်လို့ စွပ်စွဲလိုက်ပြီးနောက် သမ္မတက ရာထူးကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း ပြောလိုက်ပါတယ်။
နိုင်ငံမြို့တော် အူလန်ဘာတော်ရဲ့ မြို့တော်ဝန်ဟောင်း နယမ်ဘာတာ ကင်းရှ်ဂီးက ခူရယ်ဆူးဟာ တာဗန်တိုဂို-ဂါရွှန်ဆူခိုင်း ရထားလမ်း စီမံကိန်းနဲ့ ဆက်စပ်ပြီး ဒေါ်လာ ၂၅ သန်း လက်ခံရရှိခဲ့တယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ စွပ်စွဲခဲ့ပါတယ်။
စွပ်စွဲသူ မြို့တော်ဝန်ဟောင်းဟာ သမ္မတနဲ့ တစ်ပါတီတည်း ဖြစ်ပေမယ့် မတူညီတဲ့ အုပ်စုဝင် ဖြစ်ပါတယ်။
စွပ်စွဲမှုတွေ ထွက်ပေါ်လာပြီးနောက် အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ရာထူးက ထွက်ပေးဖို့ သူ့ကို တိုက်တွန်းခဲ့ကြပါတယ်။
သမ္မတ ခူရယ်ဆူးက အမှားလုပ်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုပြီး နိုဝင်ဘာ ၁၈ ရက် ပြောကြားတဲ့ နိုင်ငံတော်မိန့်ခွန်းမှာ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်လို့ မပြတ် တိုက်ခိုက်ခံနေရတာ အခုဆိုရင် တစ်လကျော်ပြီ ဖြစ်ကြောင်း ပြောကြားပြီး သူရာထူးကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
မိမိရဲ့ ပြည်သူတွေ ဒါမှမဟုတ် နိုင်ငံဆီကနေ မိမိအနေနဲ့ တစ်ခါမှ မခိုးဖူးဘူးလို့ သူက ပြောပါတယ်။
ကျွန်တော့်ရဲ့ သမ္မတ တာဝန်တွေကို လွှဲအပ်ပြီး သာမန် ပြည်သူ တစ်ယောက် အနေနဲ့ နေပါတော့မှာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ခူရယ်ဆူးက ပြောပါတယ်။
စွပ်စွဲမှုတွေမှာ ဖော်ပြခံထားရတဲ့ ဝန်ကြီးများအဖွဲ့ အကြီးအကဲ အန်ခဘာယာ ဘတ်တူမာနဲ့ တရားရေး၊ ပြည်ထဲရေးဝန်ကြီး ဒမ်ဘာရန်ဆီရန်တို့က သူတို့လည်း ရာထူးက နုတ်ထွက်မှာ ဖြစ်ကြောင်း နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
ဝန်ကြီးချုပ်နေရာရထားတဲ့ ခူရယ်ဆူးဟာ အပြိုင်အဆိုင် တင်ဒါ ခေါ်ယူသူ မရှိဘဲ ရထားလမ်း စာချုပ်ကို နိုင်ငံရဲ့ အကြီးမားဆုံး လုပ်ငန်းစု Bodi International LLC ကို ပေးခဲ့ပြီး အဲဒီ ကုမ္ပဏီဆီက လာဘ်ငွေ ရယူခဲ့တယ်လို့ စွပ်စွဲချက်တွေမှာ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၇ ရက်မှာ Bodi ကုမ္ပဏီက ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး အကြီးတန်း အစိုးရ အရာရှိတွေကို အစိုးရ ဝန်ထမ်းတွေကို ဘာလာဘ်ငွေမှ မပေးခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
အဲဒီ စွပ်စွဲချက်တွေဟာ အသရေဖျက်တာ ဖြစ်ပြီး မိမိတို့ ကုမ္ပဏီအနေနဲ့ အမှားတစ်ခုမှ မလုပ်ထားဘူးလို့ ဖော်ပြထားပါတယ်။
ရာထူးက နုတ်ထွက်တာက ခူရယ်ဆူးအနေနဲ့ နောက်ပိုင်းမှာ နောက်ထပ် ရာထူး သက်တမ်းအတွက် ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးစားတာ ဖြစ်နိုင်တယ်လို့ လေ့လာသူ တစ်ယောက်က ပြောကြားပြီ ရာထူးက နုတ်ထွက်လိုက်ရင် လူထုကြား ကောင်းကောင်း ကစားနိုင်တော့မှာ ဖြစ်တယ်လို့ လေ့လာသူ တချို့က ပြောပါတယ်။
ခူရယ်ဆူးဟာ သမ္မတ ရာထူးအတွက် ဝင်ပြိုင်လို့ ရအောင် ၂၀၂၁ ဇန်နဝါရီက ဝန်ကြီးချုပ် ရာထူးက နုတ်ထွက်ခဲ့ပါတယ်။
နောက် ခြောက်လအကြာမှာ သူ ရွေးကောက်ပွဲ နိုင်ပြီး တချိန်တည်းမှာပဲ သူ့ရဲ့ မွန်ဂိုလီးယား ပြည်သူ့ ပါတီဟာ လွှတ်တော်ထဲမှာ လူများစုနေရာကို ရရှိခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးခင်နှစ်တွေက ပါတီတွင်း တိုက်ခိုက်မှုတွေကြောင့် အခက်အခဲတွေ ရှိခဲ့ပြီး မွန်ဂိုလီးယားမှာ ၉ လအတွင်း ဝန်ကြီးချုပ် သုံးဦး အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။
ခူရယ်ဆူးရဲ့ ရာထူးက နုတ်ထွက်မှုကို လွှတ်တော်က လက်ခံလိုက်ပြီ ဆိုတာနဲ့ အသက်ဝင်တော့မှာ ဖြစ်ပါတယ်။
အခုသီတင်းပတ် နောက်ပိုင်းမှာ လွှတ်တော် အစည်းအဝေး ခေါ်ယူမယ်လို့ မျှော်လင့်ရပြီး သူ့ရဲ့ ရာထူးက နုတ်ထွက်မှုနဲ့ ပတ်သက်လို့ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ကနေဒါ နိုင်ငံ ဖြစ်ဖို့ရှိတဲ့ ပြည်ပမှာ နေထိုင်နေတယ်ဆိုသူ စွပ်စွဲသူက သမ္မတရဲ့ နောက်ထပ် ခိုးယူမှုတွေ အကျင့်ပျက်ခြစားမှုတွေကို ဖော်ပြသွားဦးမယ်လို့လည်း ပြောထားပါတယ်။
Ref:AP

