ဝါရှင်တန်ကို တိုက်ခိုက်ရေး အီရန်ရဲ့ ကြံစည်မှု မှန်သမျှကို အလွန် အလေးအနက်ထားကြောင်း ထရန့် ပြော

မနီလာ၊ နိုဝင်ဘာ ၁၈

ဝါရှင်တန် ဒီစီကို တိုက်ခိုက်ဖို့ အီရန်ရဲ့ ဖြစ်လာနိုင်တဲ့ ကြံစည်မှု မှန်သမျှကို အမေရိကန်က အလွန် အလေးထားကြောင်း သမ္မတ ဒေါ်နယ် ထရန့်က ပြောပါတယ်။

အမေရိကန် ထောက်လှမ်းရေး လေ့လာချက်တွေကို ကိုးကားထားတဲ့ CNN သတင်း တစ်ပုဒ်နဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ သူက အခုလိုမျိုး ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ထရန့်အနေနဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ဖိလစ်ပိုင်မှာ အမေရိကန် မြို့တော်ကို တီဟီရန်က ညစ်ညမ်းတဲ့ ဗုံးလို့ခေါ်တဲ့ ဗုံးတစ်လုံး ဖောက်ခွဲတိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ သတင်းထောက် တစ်ယောက်က မေးမြန်းချိန်မှာ ထရန့်က ခေါင်းညိမ့်ပြီး အဲဒီ ကိစ္စကို မိမိတို့ စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အီရန်က အဲဒီလို တိုက်ခိုက်မှုနဲ့ ထရန့် အစိုးရရဲ့ အကြီးတန်း အရာရှိတွေကို ပစ်မှတ်ထားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် ထောက်လှမ်းရေး အရာရှိတွေကို ကိုးကားပြီး CNN က ဖော်ပြထားပါတယ်။

အဲဒီလို ပြောဆိုမှုဟာ အခြေအမြစ် မရှိတဲ့ ပြောဆိုမှု ဖြစ်တယ်လို့ အီရန်က ပြောပါတယ်။

၂၀၀၁ ခုနှစ်မှာ 9/11တိုက်ခိုက်မှု ဖြစ်ပြီးနောက် အဲဒီလို တိုက်ခိုက်မှုတွေ တစ်ခုမှ မဖြစ်ပွားခဲ့ပေမယ့် ညစ်ညမ်း ဗုံးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပိုများလာနေပါတယ်။

အဲဒီလို ဗုံးမျိုးမှာ ယူရေနီယံလို ရေဒီယို သတ္တိကြွပစ္စည်းတွေ ပါဝင်ပြီး ဗုံးကို စနက်တံဖြုတ်ပြီး သမရိုးကျ ဖောက်ခွဲလိုက်တာနဲ့ လေထုထဲမှာ အဆိပ်တွေ ပျံ့နှံ့သွားမှာ ဖြစ်ပါတယ်။

CNN သတင်းနဲ့ ပတ်သက်လို့ အတည်ပြုဖို့ မဖြစ်နိုင်သေးဘူးလို့ ဘီဘီစီ သတင်းဌာနက ဖော်ပြပါတယ်။

မနီလာမြို့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် တိုက်ခိုက်မှု တစ်ခု မလွဲဧကန် ဖြစ်လာမယ်လို့ ယုံကြည်ရလောက်တဲ့ အကြောင်းရင်း ရှိ၊ မရှိ ထရန့်ကို မေးမြန်းခဲ့ ပါတယ်။

အကြောင်းအရင်း မရှိဖို့ မျှော်လင့်ပေမယ့် အီရန်ဟာ ရူးရူးမိုက်မိုက် လုပ်တတ်တာကြောင့် မိမိတို့ အရမ်း အလေးအနက်ထားတယ်လို့ ထရန့်က ပြောပါတယ်။

ထရန့်ရဲ့ ပြောဆိုချက်တွေ မတိုင်ခင် အိမ်ဖြူတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ပြောရေးဆိုခွင့် ရှိသူ လောရန် ဘစ်က ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်အားလုံးကို သတိထား စောင့်ကြည့်နေဆဲ ဖြစ်ပေမယ့် လောလောဆယ်မှာ မိခင်နိုင်ငံ အတွက် အန္တရာယ်ရှိတယ်လို့ ယုံကြည်ရလောက်တဲ့ အချက်အလက် မရှိသေးကြောင်း ဖော်ပြထားပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစမေးလ် ဘာဂါအီက CNN သတင်းနဲ့ တခြား အမေရိကန် သတင်းဖော်ပြချက်တွေကို ပယ်ချထားပါတယ်။

အီရန်ကို စပြီး ရန်လို တိုက်ခိုက်သူတွေက မီဒီယာကို အသုံးချပြီး အခြေအမြစ် မရှိ စွပ်စွဲမှုတွေ ပြုလုပ်နေကြတယ်လို့ သူက လူမှုမီဒီယာမှာ ဖော်ပြပါတယ်။

အီရန် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ပြီး အမေရိကန်နဲ့ တိုက်ရိုက် မဟုတ်တဲ့ ဆွေးနွေးမှုတွေမှာ ညှိနှိုင်းရေးမှူးချုပ် ဖြစ်တဲ့ မိုဟာမက် ဘာဂဟာ ဂါလီဘတ်ကလည်း CNN သတင်းကို အလားတူ ပယ်ချထားပါတယ်။

CIA အရာရှိဟောင်း တစ်ဦး ဖြစ်တဲ့ မစ်မူလ်ရွိုင်းက ညစ်ညမ်းဗုံး တစ်လုံး ထုတ်လုပ်ဖို့ ဒါမှမဟုတ် အသုံးပြုဖို့ မခက်ခဲဘူးလို့ ပြောပါတယ်။

အများကြီး ထိခိုက်ပျက်စီးစေတဲ့ လက်နက် တစ်ခု မဟုတ်ပေမယ့် ကြီးမားတဲ့ အနှောင့်အယှက်တွေ ဖြစ်စေနိုင်တဲ့ လက်နက် ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

အီရန်က အရင်ကလည်း အမေရိကန်ကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့သလို ခြိမ်းခြောက်မှုလည်း လုပ်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.