လူ ၇၂ ဦး သေဆုံးခဲ့ရပြီးနောက် ရုရှားက ကယ်ဆယ်ရေး လုပ်ငန်းကို ပစ်မှတ်ထားတယ်လို့ ယူကရိန်း စွပ်စွဲ

ကိဗ်၊ နိုဝင်ဘာ ၁၇

နယ်စပ်နဲ့ နီးတဲ့ ရွာတစ်ရွာကို နှစ်ထပ်ကွမ်း ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုကြောင့် လူ ၇၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာမှာ ရုရှားက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပစ်မှတ်ထားနေတယ်လို့ ယူကရိန်း အရာရှိတွေက စွပ်စွဲလိုက်ပါတယ်။

ရုရှားက ကွမ်ရှူဗက်ခါ ကျေးရွာရှိ လူသားချင်း စာနာထောက်ထားရေးအကူအညီ ပေးရေး စင်တာကို နိုဝင်ဘာ ၂ ရက်က နှစ်ကြိမ် ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ရုရှားက အဲဒီ ကျေးရွာရှိ အမိုးအကာ တစ်ခုကို ပေါင် ၆၆၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတယ်လို့ သူတို့က ပြောပါတယ်။

အဲဒီလိုတိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး ရက်ပိုင်းအတွင်း အွန်လိုင်းပေါ်မှာ ဖော်ပြထားတဲ့ အတည်ပြုပြီးသား ပုံရိပ်တွေမှာ အရေးပေါ် ကားတွေနဲ့ ဘေးကင်းရာ ပြောင်းရွှေ့ရေး စက်ကိရိယာတွေ ပျက်စီးသွားတာ တွေ့ရပါတယ်။

ကယ်ဆယ်ရေး လုပ်ဆောင်နေချိန်မှာ ရုရှားက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း အစိုးရ အရေးပေါ် ဌာန (DSNS) က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် ၃ ဦး အလုပ်သမား ၄ ဦးနဲ့ ကယ်ဆယ်ရေး ခွေး ၂ ကောင် ဒဏ်ရာရရှိခဲ့ပြီး ကား ၅ စီး ပျက်စီးသွားခဲ့တယ်လို့ DSNS က ပြောပါတယ်။

အကြိမ်ကြိမ် ဗုံးကြဲနေတာကြောင့် အရေးပေါ် လုပ်သားတွေဟာ အလုပ်တွေ မကြာခဏ ရပ်ထားရတာ ဘေးကင်းရာနေရာကို ပြန်ဆုတ်ရတာတွေလည်း ရှိကြောင်း DSNS က ဆိုပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ရာနှုန်းပြည့် စတင် ကျူးကျော် တိုက်ခိုက်ပြီးနောက်ပိုင်း အခု နှစ်ထပ်ကွမ်းတိုက်ခိုက်မှုဟာ လူသေဆုံးမှု အများဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။

ကယ်ဆယ်ရေး ယာဉ်တွေ ပစ်မှတ်ထားခံရတာ ရှင်းနေကြောင်းနဲ့ ရုရှားက လူသားချင်း စာနာထောက်ထားရေး ကူညီပေးရေး စက်ကိရိယာတွေကို တမင်တကာ ဖျက်ဆီးပစ်နေကြောင်း ယူကရိန်း လုံခြုံရေးဌာနရဲ့ စုံစမ်း စစ်ဆေးရေး အရာရှိ အိုလက်ဆီးက ပြောပါတယ်။

အဲဒီ ကျေးရွာမှာ ဆက်လက် နေနေသေးသူတွေနဲ့ ရွာရဲ့ အခြေခံ အဆောက်အဦတွေဟာ ဒရုန်းတွေ ဗုံးတွေနဲ့ ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။

နယ်စပ်မှာ လူတွေ နေလို့မရအောင် ရုရှားက ငြိမ်းချမ်းစွာနေတဲ့ ဒေသခံတွေနဲ့ အရပ်သားတွေကို ပြောင်ပြောင်တင်းတင်း အကြမ်းဖက် တိုက်ခိုက်နေတယ်လို့ အိုလက်ဆီးက စွပ်စွဲထား ပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းရဲ့ စွပ်စွဲချက်တွေအတွက် တုံ့ပြန် မှတ်ချက်ပြုပေးဖို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.