ဘန်ကောက်၊ နိုဝင်ဘာ ၁၇
၂၀၂၆ ခုနှစ်အတွင်း ချင်းမိုင်နဲ့ ချင်းရိုင်ခရိုင်တွေက စုဆောင်းရယူထားတဲ့ မြေအောက်ရေ နမူနာ ၁၃၃ ခုထဲက ၉ ခုမှာ အာဆင်းနစ်အဆိပ် ပါဝင်မှု ပမာဏ တစ်လီတာကို ၀ ဒသမ ၀၁ မီလီဂရမ် စံနှုန်းထက် ကျော်လွန်နေကြောင်း ထိုင်း မြေအောက်ရေ အရင်းအမြစ်များ ဌာနက ထုတ်ပြန်တဲ့ ရလဒ်တွေအရ သိရပါတယ်။
လက်ကျန် နမူနာ ၁၂၄ ခုမှာတော့ ကန့်သတ်ချက်ထက် ကျော်လွန်နေတာ မရှိဘူးလို့ ထိုင်း အရာရှိတွေက ပြောပါတယ်။
ခို့မြစ်၊ ဆိုင်မြစ်နဲ့ ရူအက်မြစ် မြစ်ဝှမ်းတွေနဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းက အဲဒီ မြစ်တွေရဲ့ မြစ်လက်တက်တွေမှာ အာဆင်းနစ် အဆိပ် ပါဝင်နေကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် စုံစမ်းစစ်ဆေးမှု၊ စောင့်ကြည့်တာတွေနဲ့ ရေထု ပြန်လည် သန့်စင်လာစေရေး ဆက်လက် လုပ်ဆောင်နေမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
မြေအောက်ရေ ထိန်းသိမ်းရေးနဲ့ ပြန်လည် ပြည့်ဖြိုးရေးဌာနက တခြား သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။
၂၀၂၅ ခုနှစ်က စုံစမ်းစစ်ဆေးမှုတွေမှာ မြေအောက်ရေ အရေအသွေး၊ နေရာ ၁၈ နေရာက ကျေးရွာ ရေထောက်ပံ့ရေး စနစ်တွေ ပါဝင်ခဲ့ပါတယ်။
အာဆင်းနစ် ပါဝင်မှု စံချိန်ထက် ကျော်လွန်နေတဲ့ နေရာ ၄ နေရာက ရေတွင်းတွေကို သန့်ရှင်းရေး ပြန်လည် ကောင်းမွန်စေရေး ဆောင်ရွက်ပေးခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ အတွက် အဲဒီ ဌာနက နေရာ ၁၁ နေရာမှာ အများသုံး ရေစစ်ထုတ် စနစ်တွေ တပ်ဆင်ဖို့ ပြင်ဆင်နေပြီး နေရာ တစ်ခုက စိုက်ပျိုးရေး စီမံကိန်းကြီးတွေအတွက် ရေထောက်ပံ့ပေးနိုင်ရေးလည်း ဆောင်ရွက်နေပါတယ်။
မြေကြီးနဲ့ ကျောက်သားအလွှာတွေထဲမှာ သတ္တုဓာတ်တွေနဲ့ အနယ်ကျမှုမှာ အာဆင်းနစ် အဆိပ်တွေကို သဘာဝအလျောက် တွေ့ရလေ့ရှိပါတယ်။
မြေအောက် ပထဝီဓာတု အခြေအနေတွေ ပြောင်းလဲမှုကြောင့် အဲဒီ သတ္တုတွေ ပျော်ဝင်သွားနိုင်ပြီး မြေအောက်ရေတွေထဲကို အာဆင်းနစ် အဆိပ်တွေ ထုတ်လွှတ်ပါတယ်။
မြေမျက်နှာပြင်က ညစ်ညမ်းနေတဲ့ ရေတွေဟာ မြေကြီးကတဆင့် သိပ်မနက်တဲ့ ရေကြောတွေထဲကို ရောက်ရှိသွားနိုင်ပါတယ်။
ဒီလို နေရာတွေက အဲဒီလောက် နက်နက် တူးထားတဲ့ ရေတွင်းတွေကို ဒေသခံတွေ အသုံးပြုနေကျ ဖြစ်တာကြောင့် စောင့်ကြည့်ဖို့ လိုတယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။
ညစ်ညမ်းမှု ဖြစ်စေတဲ့ အကြောင်းအရင်းမှန်နဲ့ အန္တရာယ်တွေကို အတိအကျ လေ့လာဖို့ ဖော်ထုတ်ဖို့ မြေအောက်ရေနဲ့ မျက်နှာပြင်ပေါ်က ရေကြား ဆက်စပ်မှုကို သုတေသီတွေ လေ့လာဖို့ လိုအပ်ပါတယ်။
ရေအရေအသွေး ပြောင်းလဲမှုတွေကို အချိန်နဲ့ တပြေးညီ စောင့်ကြည့်ရေးနဲ့ အာဆင်းနစ် အဆိပ်တွေ ရွေ့လျားရာ လမ်းကြောင်းကို သိနိုင်ဖို့ မျက်နှာပြင်ရေတွေ အနီး စောင့်ကြည့်ရေး ရေတွင်းတွေ တူးဖော်ဖို့လည်း ထိုင်းအရာရှိတွေက စီစဉ်ထား ပါတယ်။
အဲဒီ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ ရေရှည် ကျန်းမာရေး အန္တရာယ်တွေကို လျှော့ချဖို့ စံချိန်မီ ရေစစ်ထုတ် စနစ်က တဆင့်လာတဲ့ သောက်ရေနဲ့ အိမ်ထောင်စု သုံးဖို့ ရေကို ရွေးချယ်သင့်ပြီး မြေအောက်ရေ ဌာနက အန္တရာယ်ကင်းကြောင်း သတ်မှတ်ထားတဲ့ ရေတွေကိုပဲ သုံးကြဖို့ အရာရှိတွေက အကြံပြုထားပါတယ်။
Ref:TheNationThailand

