အသက် အန္တရာယ်ရှိပေမယ့် ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ ဘင်္ဂလားဒေ့ချ်ကို ပြန်လာမယ်

နယူးဒေလီ ၊ နိုဝင်ဘာ ၁၇

၂၀၂၄ ခုနှစ်အတွင်း ရာထူးက ဖြုတ်ချခံခဲ့ရပြီး သေဒဏ် ချမှတ်ခံထားရတဲ့ ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာက အသက်အန္တရာယ်ရှိပေမယ့်လည်း ဒီဇင်ဘာမှာ မိခင်နိုင်ငံဆီ ပြန်သွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။

ကျောင်းသားတွေ ဦးဆောင်တဲ့ လူထု အုံကြွမှုကြောင့် သူ့ရဲ့ ၁၅ နှစ်ကြာ သံလက်သီးသုံး အုပ်ချုပ်တဲ့ ကာလ အဆုံးသတ်သွားပြီးနောက် သူဟာ ၂၀၂၄ ခုနှစ် သြဂုတ်လက အိန္ဒိယသို့ ထွက်ပြေးသွားပြီး အဲဒီကတည်းက ပုန်းအောင်းနေပါတယ်။

ဆန္ဒပြသူတွေကို ဆိုးဆိုးရွားရွား နှိမ်နှင်းမှုနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် တရားရုံးက သူ့ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအတွက် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က မျက်ကွယ် သေဒဏ် ချမှတ်ခဲ့ပါတယ်။

“ကျွန်မ ပြန်သွားရင် ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို အပြည့်အဝ သတိပြုမိပါတယ်”လို့ ဟာဆီနာက အီးမေးလ်ကတဆင့် AFP သတင်းဌာနကို ဖြေကြားပါတယ်။

ဒါပေမဲ့ မိမိဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်း အသက်သေနိုင်တဲ့ ဘယ်လို အန္တရာယ်မျိုးကြောင့်မှ ကိုယ့်နိုင်ငံရဲ့ ဝေးရာမှာ ဆက်နေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

သူပြန်လာရင် ကွပ်မျက်ခံရမှာ ဖြစ်ကြောင်း ဘင်္ဂလားဒေ့ချ် အစိုးရက ပြောကြားပြီးနောက် ရက်ပိုင်းအကြာမှာ သူ့ရဲ့ ပြန်သွားမယ်ဆိုတဲ့ အခိုင်အမာ ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အယူခံ ဝင်ဖို့ နောက်ဆုံး သတ်မှတ်ရက်ထက် ကျော်လွန်သွားပြီ ဖြစ်တဲ့ အတွက် ဥပဒေအရလည်း ဘာမှ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ကြောင်း ဒါကာ အစိုးရ အရာရှိတွေက ပြောပါတယ်။

အမှုစစ်ဆေးမှုရဲ့ တရားဝင် ဖြစ်မှုကို အဲဒီ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးကြီး ဟာဆီနာက အကြိမ်ကြိမ် ပယ်ချထား ပါတယ်။

သူ့ကို လွှဲပေးပါလို့ ဒါကာ အစိုးရက အိန္ဒိယကို တောင်းဆိုခဲ့ ပေမယ့် နယူးဒေလီက တောင်းဆိုမှုကို ဥပဒေဆိုင်ရာ သုံးသပ်မှု လုပ်ဆောင်နေတယ်လို့ အကြောင်းပြန်ထားပါတယ်။

ဟာဆီနာရဲ့ အကြီးတန်း မဟာမိတ် တစ်ဦးကိုလည်း ဆန္ဒပြပွဲ လူသေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ချ် တရားရုံးက သေဒဏ် ချမှတ်ထားပါတယ်။

သူပြန်လာဖို့ ကတိပြုတာက နိုင်ငံရေးနဲ့ ဆက်လက် ဆက်စပ်နေအောင်၊ ထောက်ခံသူတွေရဲ့ သစ္စာစောင့်သိမှု ပြန်ရအောင် တစ်ခါက ဘင်္ဂလားဒေ့ချ်ကို ကြီးစိုးထားခဲ့တဲ့ ပါတီ တစ်ခု ဆက်လက် ရှင်သန်နေစေဖို့ ကြိုးပမ်းတာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

လောလောဆယ်မှာတော့ ဟာဆီနာရဲ့ပါတီဟာ လှုပ်ရှားမှု အများစု တားမြစ်ခံထားရပါတယ်။

မကြာသေးခင်က ဘင်္ဂလားဒေ့ချ်မှာ ဖြစ်ပွားခဲ့တဲ့ ဓာတ်ဆီဗုံးတွေနဲ့ တိုက်ခိုက်မှုမှာ မိမိရဲ့ Awami League ပါတီ ပါဝင်ပတ်သက်မှု မရှိဘူးလို့ သူက ငြင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ချ်ကို ပြန်သွားဖို့ အတွက် အန္ဒိယရဲ့ အကူအညီ ရယူဖို့လည်း ရည်ရွယ်ချက် မရှိဘူးလို့ ဟာဆီနာက ပြောပါတယ်။

ပြန်လည် လွှဲပြောင်းပေးမှုဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံနှစ်နိုင်ငံကြားက ကိစ္စ ဖြစ်ပြီး အိန္ဒိယအနေနဲ့ သူတို့ရဲ့ ဥပဒေတွေ အတိုင်း မူဝါဒတွေအတိုင်း နိုင်ငံတော် အကျိုးစီးပွားများနဲ့ အညီ ကိုယ်ပိုင် ဆုံးဖြတ်လိမ့်မယ်လို့ ဟာဆီနာက ပြောပါတယ်။

ဟာဆီနာဟာ အကျင့်ပျက်ခြစားမှု စွဲချက်တွေ အပါအဝင် တခြား စွဲချက်တွေ အများကြီးနဲ့လည်း ရင်ဆိုင်နေရပါတယ်။

မိမိကို မှားယွင်းစွာ စွဲဆိုထားတဲ့ အမှုပေါင်း ၆၀၀ ကျော် ရှိတယ်လို့ သူက ပြောပါတယ်။

သူ့ရဲ့ ရှေ့နေတွေက ဘင်္ဂလားဒေ့ချ် နိုင်ငံကူးလက်မှတ်နဲ့ မှတ်ပုံတင် ရရှိဖို့ နယူးဒေလီရှိ အိန္ဒိယ ကော်မရှင်နာ မင်းကြီးရုံးကတဆင့် လျှောက်ထားပြီး ဖြစ်တယ်လို့ ဟာဆီနာက ပြောပါတယ်။

မိခင်နိုင်ငံကို ပြန်လာတဲ့အတွက် မိမိ ပေးဆပ်ရမယ့်အရာက သေခြင်းတရား ဖြစ်မယ်ဆိုရင်လည်း ရင်ဆိုင်ဖို့ ကြိုတင် ပြင်ဆင်ထားတယ်လို့ ဟာဆီနာက ပြောပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.