ကျားဖြန့် နှိမ်နှင်းရေး သီရိလင်္ကာက FBI အကူအညီ ရယူ

ကိုလမ်ဘို၊ နိုဝင်ဘာ ၁၇

အရှေ့တောင် အာရှနိုင်ငံတွေမှာ နှိမ်နှင်းခံရပြီးနောက် သီရိလင်္ကာသို့ လုပ်ငန်းတွေ ပြောင်းရွှေ့ထားတဲ့ အွန်လိုင်း လူလိမ် ကျားဖြန့်လုပ်ငန်းတွေကို စူစမ်း ရှာဖွေရေး သိရိလင်္ကာ ဥပဒေစည်းကြပ်ရေး ဌာနကို အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို FBI က ကူညီပေးသွားမှာ ဖြစ်ကြောင်း အမေရိကန် သံရုံးက နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

သီရိလင်္ကာကို အွန်လိုင်း လူလိမ်လုပ်ငန်းတွေ ပြောင်းရွှေ့လာမှု ပိုများလာတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သီရိလင်္ကာမှာ အင်တာနက်လိုင်း အမြန်နှုန်း မြင့်မားပြီး ယုံကြည်စိတ်ချရတာ၊ ဖြေလျှော့ပေးထားတဲ့ ဗီဇာ အစီအစဉ်တွေကြောင့် အွန်လိုင်း လူလိမ် ကွန်ရက်တွေဟာ သီရိလင်္ကာကို သဘောကျလာကြတယ်လို့ သိရပါတယ်။

FBI က သီရိလင်္ကာမှာ လှုပ်ရှားနေတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ် ကွန်ရက်တွေကို အနှောင့်အယှက် ပေးရေး ကြိုးပမ်းတဲ့အနေနဲ့ စုံစမ်းစစ်ဆေးရေး နည်းလမ်းတွေ၊ ဒီဂျစ်တယ် မူခင်း နည်းပညာတွေ၊ အမှု တည်ဆောက်ပုံတွေနဲ့ ပတ်သက်လို့ သီရိလင်္ကာ ဥပဒေစည်းကြပ်ရေးဌာနနဲ့အတူ FBI ဝန်ထမ်းတွေက လက်တွဲ အလုပ်လုပ် သွားမှာ ဖြစ်ကြောင်း ကိုလမ်ဘိုမြို့ရှိ အမေရိကန် သံရုံးက ကြေညာပါတယ်။

အွန်လိုင်း လိမ်လည်မှုတွေအတွက် အမှုတည်ဆောက်ချိန်မှာ ပိုမို အားကောင်း ခိုင်မာစေရေး၊ လိမ်လည်ခံရသူတွေကို ရှာဖွေ ဖော်ထုတ်ရာမှာ ကူညီရေးနဲ့ ပြည်တွင်း စုံစမ်းစစ်ဆေးသူတွေကို လေ့ကျင့်ပေးရေး FBI အဖွဲ့ တစ်ဖွဲ့ အခုလအတွင်း သီရိလင်္ကာသို့ တစ်ပတ်ကြာ ရောက်ရှိမှာ ဖြစ်တယ်လို့ သံရုံးက ဖြည့်စွက် ဖော်ပြထားပါတယ်။

ချစ်ကြိုက်ချင်ယောင်ဆောင်ပြီးတော့ အင်တာနက် အသုံးပြုသူတွေကို လှည့်ဖြားတာ ၊ အင်တာနက် ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ခိုင်းတာ လောင်းကစား ဝက်ဘ်ဆိုက်တွေမှာ လူလိမ်တွေ နည်းလမ်း ပေါင်းစုံနဲ့ လှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်ရေး လုပ်ငန်း ဖွင့်ထားတဲ့ ခြံဝင်းတွေဟာ အရှေ့တောင် အာရှ တစ်ဝန်း ပေါပေါများများ ရှိနေပါတယ်။

အဲဒီ လုပ်ငန်းတွေဟာ ကနဦးမှာ တရုတ် စကားပြောသူတွေကို အများဆုံး ပစ်မှတ်ထားပြီး အွန်လိုင်း လိမ်လည်ရေး လုပ်ငန်းတွေရဲ့နောက်ကွယ်က ရာဇဝတ်ဂိုဏ်းတွေဟာ သူတို့ရဲ့ လုပ်ငန်းတွေကို ဘာသာစကား ပေါင်းစုံနဲ့ တိုးချဲ့ လုပ်ကိုင်လာခဲ့ကြပါတယ်။

အဲဒီလို အွန်လိုင်းပေါ်က လိမ်လည်သူတွေဟာ တခါတလေမှာ သူတို့ သဘော ဆန္ဒအလျောက် လုပ်ကိုင်ကြတဲ့ လူလိမ်ပညာရှင်တွေ ဖြစ်ပေမယ့် တခြား လူတွေကတော့ အလုပ်လုပ်ဖို့ လူမှောင်ခိုကူးပြီး ခေါ်ထားတဲ့ နိုင်ငံခြားသားတွေ ဖြစ်ပါတယ်။

အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ နောက်ကွယ်က ကြိုကိုင်နေသူတွေကို ဖမ်းဆီးနိုင်ရေး အရေးကြီးတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သီရိလင်္ကာမှာ လုပ်ကိုင်နေတဲ့ အွန်လိုင်း လူလိမ်လုပ်ငန်းတွေဟာ အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့ အပါအဝင် အာရှတိုက် တဝန်း သားကောင်တွေကို ပစ်မှတ်ထားနေတာ ဖြစ်ပေမယ့် သီရိလင်္ကာ နိုင်ငံသားတွေလည်း လိမ်လည်မှုရဲ့ သားကောင်တွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုများလာနေပါတယ်။

ဆိုက်ဘာ ရာဇဝတ်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သီရိလင်္ကာ ရဲတပ်ဖွဲ့က အခုနှစ် နှစ်စကတည်းက ဖမ်းဆီးခဲ့တဲ့ နိုင်ငံခြားသား ၁၁၀၀ ကျော် ရှိပြီး အဓိကကတော့ တရုတ်၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံသားတွေ ဖြစ်ပါတယ်။

ဆိုက်ဘာ ရာဇဝတ်မှု တိုက်ဖျက်ရာမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားတဲ့ တရုတ်ဆီကလည်း သီရိလင်္ကာက အကူအညီ တောင်းထားပါတယ်။

ကမ္ဘောဒီးယား၊ မြန်မာနဲ့ ယူအေအီးတို့မှာ အွန်လိုင်း လူလိမ်ဂိုဏ်းတွေကို အရေးယူမှု ပိုများလာပြီးနောက် အွန်လိုင်း လူလိမ်ဂိုဏ်းတွေ သီရိလင်္ကာမှာ လှုပ်ရှားမှု ပိုများလာတယ်လို့ ကိုလမ်ဘိုမြို့ရှိ တရုတ် သံရုံးက ပြီးခဲ့တဲ့မတ်လမှာ ပြောကြားခဲ့ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.