နယ်မြေ ဖြတ်ကျော် မီးခိုးမြူကိစ္စ မလေးရှားနဲ့ စင်ကာပူကို အင်ဒိုနီးရှား သမ္မတ တောင်းပန်

မနီလာ ၊ နိုဝင်ဘာ ၁၆

စင်ကာပူနဲ့ မလေးရှားကို ထိခိုက်စေတဲ့ သူ့နိုင်ငံက တောမီး မြေယာမီးတွေကြောင့် ဖြစ်ပေါ်နေတဲ့ မီးခိုးမြူတွေနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက နိုဝင်ဘာ ၁၅ ရက်မှာ တောင်းပန်လိုက်ပါတယ်။

မနီလာမှာ ကျင်းပတဲ့ ၄၉ ကြိမ်မြောက် အာဆီယံ ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးမှာ သမ္မတ ပရာဘိုဝိုက အင်ဒိုနီးရှား အစိုးရနဲ့ ပြည်သူတွေ ကိုယ်စား မိမိအနေနဲ့ တောင်းပန်ကြောင်း ပြေဆိုလာတာပါ။

တောမီးတွေ ငြှိမ်းသတ်ဖို့ အဆုံးစွန်အထိ ကြိုးစားထားတယ်လို့လည်း သူက ဒေသဆိုင်ရာ ခေါင်းဆောင်တွေကို အာမခံထားတာပါ။

လေးလလောက် ကြာနေပြီ ဖြစ်တဲ့ တောမီးလောင်ကျွမ်းမှုတွေကြောင့် စင်ကာပူနဲ့ မလေးရှားမှာ နယ်စပ် ဖြတ်ကျော် မီးခိုးမြူတွေ လွှမ်မိုးနေပြီး လေထု ညစ်ညမ်းမှု ကျန်းမာရေးနဲ့ မညီတဲ့ အဆင့်ကို ရောက်ရှိနေပါတယ်။

ဒါက မိမိတို့ အမှား မဟုတ်ပေမယ့် တစ်ခါပြန်ထပ်ပြီး တောင်းပန်ကြောင်းနဲ့အကောင်းဆုံး ကြိုးစားထားကြောင်း သူက ပြောပါတယ်။

နှစ်ပေါင်း ၅၀ အတွင်း အားအကောင်းဆုံး အယ်လ်နီညို ရာသီဥတု အခြေအနေတွေကြောင့် တောမီးတွေ ပိုမို ပြင်းထန်နေတာ ဖြစ်တယ်လို့ သူက ဆက်လက် ပြောဆိုပါတယ်။

တောမီးလောင်ကျွမ်းမှုတွေမှာ ပါဝင်နေတဲ့ လုပ်ငန်းစုတွေကို အစိုးရက အရမ်း တင်းတင်းကြပ်ကြပ် အရေးယူထားတယ်လို့ ပရာဘိုဝိုက ပြောပါတယ်။

လုပ်ငန်းစုတွေရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ၁၇ ခုကို ရုတ်သိမ်းပစ်ခဲ့ပြီး အခု စုံစမ်း စစ်ဆေးနေတာ ၂၆ ခုရှိနေပြီလို့ အင်ဒိုနီးရှား သမ္မတက ဆိုတာပါ။

လုပ်ငန်းစု ၁၁ ခုကို ပြစ်ဒဏ်ချမှတ်ပြီ ဖြစ်ကြောင်းနဲ့ ၂၃ ခုကို ပြစ်ဒဏ် ချမှတ်မှာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ကုမ္ပဏီ ၁၀၄ ခုကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

တောမီး ထိန်းချုပ်ရေး အင်ဒိုနီးရှားက သိသာတဲ့ ကြိုးပမ်း အားထုတ်မှုတွေ လုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှား အစိုးရက မီးသတ်သမား ၇၁၀၀၀ ချထားပြီး အသက်ပေးလိုက်ရသူ ၁၆ ဦး ရှိပြီ ဖြစ်ကြောင်း တခြား ဒဏ်ရာရထားတဲ့ မီးသတ်သမားတွေလည်း ရှိကြောင်း ပရာဘိုဝိုက ပြောပါတယ်။

မီးသတ်ဖို့ ကြိုးပမ်းရင်း ရဟတ်ယာဉ် နှစ်စီးလည်း ဆုံးရှုံးခဲ့ရပြီးပြီလို့လည်း ဆိုပါတယ်။

အင်ဒိုနီးရှားက အေဂျင်စီအသစ် တစ်ခု ကြိုတင် ပြင်ဆင်နေပြီး နောက်ထပ် တောမီး မလောင်ကျွမ်းစေရေး အနာဂတ် ကြိုတင် ပြင်ဆင်မှုတွေ အားကောင်းစေမယ့် စီမံကိန်း အမျိုးမျိုး အကောင်အထည် ဖော်ဖို့ ပြင်ဆင်နေပါတယ်။

စင်ကာပူနဲ့ မလေးရှား ပြည်သူတွေ ထိခိုက်ခံစားရတာတွေအတွက် အစိုးရကိုယ်စား ပြည်တွေကိုယ်စား တောင်းပန်တယ်လို့ သမ္မတ ပရာဘိုဝိုက ပြောပါတယ်။

အင်ဒိုနီးရှား တောမီးတွေကို ငြှိမ်းသတ်ရေး လိုအပ်ရင် ကူညီပေးမယ်လို့ စင်ကာပူက ကမ်းလှမ်းထားပေမယ့် အင်ဒိုနီးရှားက လက်မခံခဲ့ပါဘူး။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.