မနီလာ၊ နိုဝင်ဘာ ၁၆
မြန်မာပြည်သူတွေ ဒုက္ခခံနေကြရတဲ့ အခြေအနေဟာ ကြီးမားတဲ့ အချိုးအစား အဆင့်မျိုးကို ရောက်နေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနိယို ဂူတာရက်စ်က ပြောလိုက်ပါတယ်။
နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက ကျင်းပခဲ့တဲ့ ၁၆ ကြိမ်မြောက် အာဆီယံ-ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ မိန့်ခွန်းမှာ ဂူတာရက်စ်က အခုလိုမျိုး ပြောဆိုလာတာပါ။
သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့ လူသားချင်း စာနာထောက်ထား အကူအညီတွေ အတားအဆီး မရှိ ဝင်ရောက် ပေးပို့ခွင့်ပြုရေး သူက တိုက်တွန်းပါတယ်။
သက်ဆိုင်ရာ အဖွဲ့တွေအားလုံး အရပ်သားတွေကို ကာကွယ်ဖို့နဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာ စောင့်ထိန်းကြဖို့ မိမိအနေနဲ့ တိုက်တွန်းကြောင်း ဂူတာရက်စ်က ပြောဆိုပါတယ်။
အကူအညီပေးရေး အဖွဲ့တွေကိုလည်း အန္တရာယ်ကင်းစွား အဟန့် အတားမရှိ ရေရှည် ဝင်ရောက်ခွင့် ပြုဖို့လည်း သူက တိုက်တွန်းခဲ့တာပါ။
အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ကုလသမဂ္ဂက ထောက်ခံကြောင်း ဂူတာရက်စ်က ထပ်မံ အတည်ပြုပြီး မြန်မာတွေ ဦးဆောင်တဲ့ အားလုံး ပါဝင်တဲ့ အဖြေ တစ်ခု ရှာဖွေကြဖို့လည်း ပြောဆိုခဲ့ပါတယ်။
ပြဿနာ ဖြစ်စေတဲ့ အဓိက အရင်းအမြစ် ကိစ္စတွေကို နိုင်ငံရေးအရ ဖြေရှင်းရမှာ ဖြစ်ပြီး နိုင်ငံတဝန်း အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ရမယ်လို့ သူက ပြောပါတယ်။
ပြည်သူတွေအနေနဲ့လည်း သူတို့ရဲ့ အခွင့်အရေးတွေကို လွတ်လပ်စွာ ငြိမ်းချမ်းစွာ အသုံးချနိုင်ရေး အာမခံချက်လည်း ပေးရမှာ ဖြစ်တယ်လို့ ကူတာရက်စ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်း တိုက်ပွဲတွေ အရှိန်မြင့်နေပြီး လူသားချင်းစာနာထောက်ထားရေး ပြဿနာ ပိုမို ကြီးထွားလာချိန်မှာ ဂူတာရက်စ်ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အာဆီယံနဲ့ ကုလသမဂ္ဂကြားမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့ထားပြီး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လေ့ကျင့်မှုတွေ၊ လူ့အခွင့်အရေး၊ ရာသီဥတု ဒဏ်ခံနိုင်ရေး နည်းပညာစတဲ့ နယ်ပယ်တွေမှာလည်း ပူးပေါင်းဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ ဆက်လက် ပိတ်ပင်ထားချိန် ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှု အတိုင်းအတာကို ပြန်လည် စိစစ်သွားမယ်လို့ ပြောထားပါတယ်။
မြန်မာအနေနဲ့ ကနဦးမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို သဘောတူခဲ့ပေမယ့် မကြာသေးခင်က ပယ်ချထားပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုနဲ့ စစ်ဘေးရှောင် အရေအတွက် ပိုများလာနေချိန်မှာ ဂူတာရက်စ်ရဲ့ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref:Bermana

