Starlink အင်တာနက်လိုင်း ကန့်သတ်ထားမှု ရုတ်သိမ်းရေး အမေရိကန်နဲ့ အီလွန်မတ်စ်ကို ဇီလန်စကီး တိုက်တွန်း

ကိဗ် ၊ နိုဝင်ဘာ ၁၆

အရေးပါတဲ့ အမေရိကန် ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုလိုင်းဟာ နှေးကွေးနေဆဲဖြစ်ပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေကို တားဆီးရေး ယူကရိန်းရဲ့ စွမ်းရည်ကို ထိခိုက်စေတယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောလိုက်ပါတယ်။

အဲဒီလို တားမြစ်ချက်တွေ ရုတ်သိမ်းပေးဖို့ မိမိတို့ အားကိုးတကြီး မျှော်လင့်နေရတယ်လို့လည်း သမ္မတ ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်း ပြည်သူတွေရဲ့ အသက်တွေ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဆောင်းရာသီမတိုင် ကာကွယ်ရေး ဒီကိစ္စအပေါ် တိုက်ရိုက် မူတည်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။

သူဌေးကြီး အီလွန်မတ်စ် ပိုင်ဆိုင်တဲ့ စစ်သုံးအဆင့် Starlink အင်တာနက်လိုင်း ဝန်ဆောင်မှု Starshield စနစ်ရဲ့ အမြန်နှုန်းနဲ့ ပတ်သက်တဲ့ ပြဿနာ ဖြစ်ပွားနေတာ သီတင်းပတ်များစွာ ကြာပြီ ဖြစ်ပါတယ်။

အဲဒီ အင်တာနက် လိုင်း ဝန်ဆောင်မှုကို အမေရိကန်အစိုးရက ယူကရိန်းအတွက် ပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ၊ အီလွန်မတ်စ်ရဲ့ ကုမ္ပဏီတို့နဲ့ တတ်နိုင်သမျှ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ အရာရှိတွေကို ညွှန်ကြားထားကြောင်း ဇီလန်စကီးက ပြော ပါတယ်။

ယူကရိန်းက သာမန် Starlink အင်တာနက်လိုင်းကို စစ်မြေပြင်မှာ ဆက်သွယ်ရေးတွေအတွက် အသုံးပြုနေတာ ဖြစ်ပြီး Starshield အင်တာနက် ဝန်ဆောင်မှုကိုတော့ ယူကရိန်း လေပိုင်နက်ထဲမှာ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် တားဆီးရေး အသုံးပြုနေတာ ဖြစ်တယ်လို့ ဇီလန်စကီးက ဆိုတာပါ။

ဒီကြားထဲ အမေရိကန်က ယူကရိန်းအနေနဲ့ အီးယူ အဖွဲ့ဝင် ဖြစ်ရေး ဒွန်ဘတ်စ် ဒေသကို ရုရှားဆီ လက်လွှတ် ပေးလိုက်ဖို့ တိုက်တွန်းနေတယ်လို့ သိရပါတယ်။
အမြန်နှုန်း ကန့်သတ် တားမြစ်ထားတယ်ဆိုတဲ့ ပြဿနာဟာ အောက်တိုဘာလက စတင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်း အီလွန်မတ်စ်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်တို့ကြား ပြောဆိုမှုတွေ ကွဲလွဲနေခဲ့ပါတယ်။

Starshield ကို အမေရိကန် အစိုးရက ထိန်းချုပ်ထားတာ ဖြစ်လို့ သူတို့မှာ တာဝန်ရှိတယ်လို့ မတ်စ်က ပြောပါတယ်။

ဒါပေမဲ့ ထရန့်က သူတို့မှာ တာဝန် မရှိဘူးလို့ ငြင်းဆိုပြီး လိုင်းပြန်ကောင်းအောင် ပြန်လုပ်ပေးဖို့ အဲဒီ ဘီလျံနာ သူဌေးကြီးကို ပြောထားတယ်လို့ ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

တားမြစ် ကန့်သတ်မှုတွေ ဆက်ရှိနေဆဲပဲလို့ ယူကရိန်းက ပြောကြားပြီးနောက် သီတင်းတစ်ပတ်အကြာမှာ လိုင်းပုံမှန် ပြန် ကောင်းလာပုံရပါတယ်။

ရုရှားနိုင်ငံထဲရှိ ရေနံ အဆောက်အဦတွေကို ယူကရိန်းရဲ့တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဇီလန်စကီးနဲ့ ထရန့်ကြား တင်းမာတဲ့ သံမတန်ရေး လိပ်ခဲတည်းလည်း အခြေအနေနဲ့ အဲဒီ အင်တာနက်လိုင်း ပြဿနာတွေ တိုက်ဆိုင်နေပါတယ်။

မော်စကိုရဲ့ စစ်ပွဲ ဆက်လက် ဆင်နွှဲရေးအတွက် အဓိက ဝင်ငွေ ရှာပေးနေတဲ့ နေရာတွေ ဖြစ်တယ်လို့ ယူကရိန်းက ပြောတဲ့ ရုရှား ရေနံ သန့်စင် စက်ရုံတွေကို တိုက်ခိုက်တာကြောင့် ကမ္ဘာ့ ရေးနံဈေး မြင့်တက်လာစေတယ်လို့ ထရန့်က ပြောပါတယ်။

ရုရှားရဲ့ ဂျက်လေယာဉ် အားသုံး ဒရုန်းတွေကို ကြားဖြတ် ရှင်းလင်းဖို့ အခက်ကြုံနေတာဟာ Starshield အင်တာနက်လိုင်း အမြန်နှုန်းကို ကန့်သတ် ထိန်းချုပ်ထားတာကြောင့်ဖြစ်တယ်လို့ ဇီလန်စကီးက နိုဝင်ဘာ ၁၅ ရက်က ပြောပါတယ်။

အမြန်နှုန်း တစ်နာရီကို မိုင် ၁၀၀ ဝန်းကျင်လောက် ပြန်ရလာပြီ ဖြစ်ပေမယ့် ရုရှား သိမ်းပိုက်ထားတဲ့ ဒေသတွေမှာပဲ လိုင်းပြန်ကောင်းလာတာ ဖြစ်ပြီး ယူကရိန်း တစ်နိုင်ငံလုံး လိုင်း ပြန်မကောင်းသေးဘူးလို့ ဇီလန်စကီးက ပြောပါတယ်။

ယူကရိန်းမှာ အမေရိကန် ထုတ် Patriot ဒုံးဖျက်ဒုံးတွေ ပြတ်လပ်နေပြီး ရုရှားကလည်း အဲဒီ အခြေအနေကို အသုံးချပြီး အရှိန်မြှင့် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.