ပါရီ ၊ နိုဝင်ဘာ ၁၅
လက်ရှိဖော်ဆောင်နေတဲ့ ပြည့်စုံလွှမ်းခြုံတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင်ရေးဆွဲရေးလုပ်ငန်းစဉ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF နဲ့ ထိတွေ့ပူးပေါင်းလုပ်ဆောင်ဖို့ G7 အဖွဲ့ဝင်နိုင်ငံတွေကို နိုဝင်ဘာ ၁၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီး နိုဝင်ဘာ ၁၁ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ကြိုဆိုကြောင်းနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု ဖြစ်ပေါ်ရေး တိုက်တွန်းကြောင်း SCEF က ထုတ်ပြန်ခဲ့တာပါ။
G7 ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်မှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာနေမှုအပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ချက်ချင်းလျှော့ချရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ရေးနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်စေတဲ့ စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေးကို G7 နိုင်ငံခြားရေးဝန်ကြီးတွေက တောင်းဆိုထားတာပါ။
SCEF အနေနဲ့ G7 နိုင်ငံတွေကို မြန်မာစစ်အာဏာပိုင်တွေနဲ့ ဆက်ဆံရေးကို အချိန်မတိုင်မီ ပုံမှန်ပြန်လည် ထူထောင်ခြင်းမပြုဖို့နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှု မူဘောင် (Comprehensive Political Transition Framework) ရေးဆွဲရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
အဲဒီမူဘောင်ဟာ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ဝင်ရောက်နိုင်ဖို့ ချက်ခြင်းလုပ်ဆောင်ရမယ့် အစီအမံတွေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ဆီ ဦးတည်တဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်နဲ့ ချိတ်ဆက်ဖော်ဆောင်ထားတာလို့ SCEF က ဆိုပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ကြေညာချက်ပါ ကတိကဝတ်တွေကို လက်တွေ့အကောင်အထည်ဖော် နိုင်ရေးအတွက် SCEF နဲ့အတူ ပူးပေါင်းလုပ်ဆောင်ကြဖို့နဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်နိုင်ရေး ကူညီပံ့ပိုးပေးကြဖို့ SCEF က ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
SCEF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇူးပဒုမ္မာက အဖွဲ့ဝင်အဖွဲ့အစည်းတွေနဲ့ စုဖွဲ့ထားတဲ့ SCEF အနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ရရှိနိုင်ဖို့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ ယန္တရားမျိုး ဖော်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“နိုင်ငံတကာတွေနဲ့ ကျွန်မတို့ တွေ့ဆုံတဲ့အခါမှာ One Policy One Unit တစ်ခုအနေနဲ့ ပြနိုင်ဖို့အတွက် ကျွန်မတို့ ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီထဲမှာမှ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ရရှိဖို့အတွက်လည်း ဦးစားပေးလုပ်ငန်းစဉ်တွေထဲက တစ်ခုလည်း ဖြစ်တာပေါ့။ နောက်ပိုင်းဆိုရင်တော့ SCEF အနေနဲ့ ဒီဟာတွေကို တိုက်ရိုက် Coordinate (ညှိနှိုင်းဆောင်ရွက်မှု) လုပ်တာမျိုးတွေ တွေ့ဆုံစကားပြော ဆွေးနွေးတာမျိုးတွေ ပြီးမှ အကူအညီတွေ ရရှိနိုင်ဖို့အတွက်ကို ပြောဆိုတာတွေ ဆောင်ရွက်တာတွေ ချိတ်ဆက်တာတွေလည်း ရှိလာနိုင်မယ်။ ဒီလိုယန္တရားတစ်ခုမျိုးလည်း ကျွန်မတို့ ဖော်ဆောင်ဖို့အတွက် လုပ်မှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
နွေဦးတော်လှန်ရေးအင်အားစုတွေအပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ စုပေါင်းဦးဆောင်မှုအသွင် စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အနေနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို တိုက်ရိုက်လက်ခံပြီး လုပ်ဆောင်နေတဲ့ အခင်းအကျင်းမျိုး လောလောဆယ်မှာ မရှိသေးပါဘူး။
ဒါပေမယ့် တော်လှန်ရေးစတင်ချိန်ကတည်းက SCEF ရဲ့ အဖွဲ့ဝင်အဖွဲ့အစည်းတွေဖြစ်တဲ့ NUG အပါအဝင် ဖက်ဒရယ်ယူနစ်တွေ တိုင်းရင်းသားအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူတွေကို လူသားချင်းစာနာမှုအကူအညီတွေ လုပ်ဆောင်နေပြီးသားလို့ ဇူးပဒုမ္မာက ရှင်းပြပါတယ်။
နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုတွေထဲက လူသားချင်းစာနာထောက်ထားအကူအညီတွေကို မြေပြင်မှာ လက်တွေ့ကျကျ လုပ်ဆောင်ပေးနေတာဖြစ်ပြီး အထူးသဖြင့် G7 အဖွဲ့ဝင်နိုင်ငံတွေအပါအဝင် ဥရောပသမဂ္ဂ EU ရဲ့ အကူအညီတွေကို ရရှိနေတာ ဖြစ်ပါတယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေထဲမှာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် ဒီမိုကရေစီနိုင်ငံတွေဖြစ်တဲ့ ကနေဒါ ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ ဗြိတိန်နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားတာပါ။
SCEF အနေနဲ့ သူတို့ကို ထိတွေ့ဆက်ဆံတဲ့ နိုင်ငံရေးအရ ထောက်ခံကြိုဆိုတဲ့ နိုင်ငံတွေကို လက်တွေ့ကျတဲ့ အားပေးကူညီမှုနဲ့ လူသားချင်းစာနာထောက်ထားမှုတွေ အပါအဝင် ဒီမိုကရေစီရေးနဲ့ နိုင်ငံရေးအသွင်ကူးပြောင်းရေးတွေမှာ တွန်းအားပေးပြီး ပူးပေါင်းလုပ်ဆောင်ဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး အခုနှစ် မတ်နှောင်းပိုင်းမှာ ဖွဲ့စည်းခဲ့တဲ့ SCEF က စစ်အာဏာရှင်စနစ်အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ်ဖယ်ရှားပစ်ဖို့ဆိုတဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ နိုင်ငံရေးအခင်းအကျင်းသစ်တစ်ခုကို စတင်တာလို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

