မွန်ပြည်သစ် ထိန်းချုပ်နယ်မြေ လေကြောင်းဗုံးကြဲခံရ၊ အမျိုးသမီးတစ်ဦး သေဆုံး

ရေး၊ နိုဝင်ဘာ ၁၆

စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖက်တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ လေကြောင်းဗုံးကြဲခံရတာကြောင့် အမျိုးသမီး တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသ ဖလံချောင်းဝကျေးရွာကို မနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ ည ၁၁ နာရီမှာ တစ်ကြိမ်၊ နိုဝင်ဘာ ၁၆ ရက်နေ့ မနက် ၂ နာရီမှာ တစ်ကြိမ်၊ လေကြောင်းကနေ ဗုံး ၁၀ လုံးထက်မနည်း ကြဲချသွားတာပါ။

နယ်မြေခံ သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ အာဏာသိမ်း စစ်တပ်ဟာ ပထမအကြိမ် ဗုံးကြဲပြီးနောက် ဒေသခံတွေ ကား၊ဆိုင်ကယ်တွေနဲ့ ချက်ချင်းတိမ်းရှောင်စဉ် မီးရောင်တွေမြင်ပြီး လေကြောင်းကနေ ထပ်မံဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးဟာ နေရာမှာတင် သေဆုံးခဲ့ပြီး အမျိုးသား နှစ်ဦးနဲ့ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် ချဲတိုက်၊ ဖလံ၊ ကင်ပွန်း၊ နယ်ပြား၊ မဏိပူရကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ညတွင်းချင်းပဲ အသက်လုပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ အခုနှစ်အတွင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေကို အခုတစ်ကြိမ်အပါအဝင် လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်အထိ ပြုလုပ်ထားပါတယ်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ လေကြောင်းဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး ပါတီဘက်ကတော့ လက်ရှိအချိန်ထိ စစ်အစိုးရဘက်ကို သတိပေးကန့်ကွက်စာ ပေးပို့တာ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.