သထုံ၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ် သထုံမြို့ပေါ်မှာ ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့က ညပိုင်း ပွဲကနေ ပြန်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သထုံမြို့ နန်းခဲရပ်ကွက် ရထားလမ်းအောက် ဘူတာရုံအနီး လယ်ကွင်းမှာ ပြီးခဲ့တဲ့လကစလို့ အာဝါဒေးဝိုင်းတွေ ပြုလုပ်ထားပြီး အဲဒီပွဲကနေ ပြန်လာတဲ့ လူငယ်တွေကို ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့က ဖမ်းဆီးငွေညှစ်မှုတွေ လုပ်ဆောင်နေတာပါ။
ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ သထုံမြို့ မိုးလေဝသရုံးဟောင်းနေရာမှာ လက်ထိပ်ခတ်၊ ထိပ်တုံးခတ် ချုပ်နှောင်ထားပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ အထိ တောင်းခံနေသလို ပြန်မရွှေးနိုင်တဲ့ လူငယ်တွေကိုတော့ စစ်မှုထမ်း သင်တန်းကျောင်းတွေထံ ပို့ဆောင်နေပါတယ်။
သထုံမြို့ခံတွေကတော့ ဒေသခံပြည်သူတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ ပျူစောထီးခေါင်းဆောင် ဖိုးထူးအဖွဲ့ကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြပါတယ်။
သထုံမြို့မှာ စစ်အစိုးရ ခွင့်ပြုချက်နဲ့ အာဝါဒေးလောင်းကစားဝိုင်း ဖွင့်လှစ်ထားတဲ့ ရက်ပေါင်း ၂၀ ကျော် ရှိပြီး အဲဒီကာလအတွင်း မြို့ခံအမျိုးသား ၄၀ ထက်မနည်း ပေါ်တာဆွဲခံထားရပါတယ်။
အာဝါဒေးလောင်းကစားဝိုင်းကိုတော့ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်နိုင်၊ သထုံခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ထွေအုပ်၊ ရဲ၊ စစ်တပ်နဲအုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတွေက လာဘ်ငွေ ကျပ်သိန်း ရာချီယူကာ ပြုလုပ်ခွင့်ပေးထားတာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

