ရေနံစည် ၂ သန်းကျော် တင်ဆောင်သွားတဲ့ ရေနံတင်သင်္ဘောကြီး ပင်လယ်ကွေ့မှာ နစ်မြုပ်သွားကြောင်း အီရန် ပြော

တီဟီရန် ၊ နိုဝင်ဘာ ၁၆

ဟောမု့ဇ် ရေလက်ကြားမှာ ရေနံစည်ပေါင်း ၂ သန်းကျော် တင်ဆောင်ထားတဲ့ စူပါ ရေနံတင်သင်္ဘောကြီး တစ်စီး မိုင်းထိပြီး မီးလောင်ပြီးနောက် နစ်မြုပ်သွားကြောင်း အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။

အရေးပါတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကို ဖြတ်သန်းချိန် အဲဒီ သင်္ဘောကြီး အပါအဝင် စုစုပေါင်း ၂ စီး မိုင်းထိမှန်ခဲ့တာ ဖြစ်တယ်လို့ အီရန် စစ်တပ်က ပြောကြားပေမယ့် အဲဒီ ဖြစ်ရပ်တွေကို လွတ်လပ်စွာ အတည်ပြုထားတာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ လကုန်ပိုင်းမှာ အရှေ့အလယ်ပိုင်း စစ်ပွဲ စတင်ပြီး နောက်ပိုင်း အဲဒီ မဟာဗျူဟာကျတဲ့ ရေလမ်းကြောင်း ဖြတ်သန်းခွင့်ကို တီဟီရန်က အများကြီး ကန့်သတ် ထိန်းချုပ်ထားခဲ့ပြီး ဖြတ်သန်းမယ့် ရေယာဉ်တွေအနေနဲ့ အီရန်ရဲ့ ခွင့်ပြုထားတဲ့ လမ်းကြောင်းတွေကပဲ သွားလာရမှာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားပါတယ်။

သူတို့ရဲ့ ခွင့်ပြုချက် မရှိဘဲ ဖြတ်သန်းတဲ့ သင်္ဘောတွေကို အီရန် စစ်တပ်က ပုံမှန် ဆိုသလို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။

အမေရိကန်က လက်တုံ့ပြန်တဲ့အနေနဲ့ အီရန် ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ဆို့ထားပြီး ရေလက်ကြားက သင်္ဘောတွေ ဖြတ်သန်းနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။

သာမန် အချိန်တွေမှာဆို ရေလက်ကြားကနေ ကမ္ဘာကြီး လိုအပ်နေတဲ့ လောင်စာ ငါးပုံ တစ်ပုံ ဖြတ်သန်းနေခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ရေလမ်းကြောင်းတလျောက် အဓိက လမ်းကြောင်းတွေမှာ ရှိတဲ့ မိုင်း အားလုံးကို ရှင်းထားပြီးပြီလို့ အမေရိကန် စစ်တပ်က မကြာသေးခင်က ပြောထား ပါတယ်။

ပြီးခဲ့တဲ့ နာရီ အနည်းငယ်အတွင်းမှာ ဟောမု့ဇ် ရေလက်ကြား တောင်ပိုင်းက ခွင့်ပြုမထားတဲ့ လမ်းကြောင်းက သွားတဲ့ ရေနံတင်သင်္ဘော နှစ်စီး ရေတပ်ရဲ့ မိုင်းတွေ ထိမှန်ခဲ့တာကြောင့် ကြီးမားတဲ့ ပေါက်ကွဲ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ ကြေညာချက်ကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်သံ သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီ သင်္ဘောတွေထဲက တစ်စီး ဖြစ်တဲ့ ရေနံစိမ်း စည်ပေါင်း ၂ သန်းကျော် တင်ဆောင်ထားတဲ့ စူပါ ရေနံတင်သင်္ဘောဟာ ပါရှား ပင်လယ်ကွေ့ တောင်ပိုင်း ရေပြင်မှာ နစ်မြုပ်သွားခဲ့ပါတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ သင်္ဘောတွေရဲ့ မူလနေရာနဲ့ အမည်တွေကိုတော့ ကြေညာချက်မှာ အသေးစိတ် ဖော်ပြထားတာ မတွေ့ရပါဘူး။

မကြာသေးခင် သီတင်းပတ်တွေက တီဟီရန်က ကြေညာချက်တွေ အများကြီး ထုတ်ပြီး သင်္ဘောတွေ ရေလက်ကြားထဲမှာ မိုင်းထိလို့ မီးလောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒေသတွင်း အမေရိကန် စစ်တပ် စစ်ဆင်ရေးတွေကို ကြီးကြပ်နေရတဲ့ အမေရိကန် ဗဟို ကွပ်ကွဲရေးဌာနက ရေလမ်းကြောင်းကို ဖြတ်သန်းမယ့် သင်္ဘောတွေကို ကူညီ ပေးနေပြီး နွေရာသီနောက်ပိုင်း ပင်လယ်ကွေ့ နိုင်ငံတွေ ရေနံစည် ၁ ဒသမ ၅ သန်း တင်ပို့နိုင်အောင် ကူညီပေးခဲ့တယ်လို့ ပြီးခဲ့တဲ့လမှာ ပြောပါတယ်။

ပင်လယ်ကွေ့မှာ ရေနံတင် သင်္ဘော တစ်စီးကို တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အိန္ဒိယ သင်္ဘော အာဏာပိုင်တွေ ဖော်ပြချက်ကို သတိပြုမိကြောင်း ဗြိတိန် အဏ္ဏဝါ စောင့်ကြည့်ရေးဌာနက ပြောထားပါတယ်။

ဒါပေမဲ့ အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့က ကြေညာတဲ့ ဖြစ်ရပ်နဲ့ အတူတူပဲလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိဘူးလို့ ဆိုပါတယ်။

ဗြိတိန် အဏ္ဏဝါ ကုန်သွယ်ရေး လုပ်ငန်းများ (UKMTO) စင်တာက ထိခိုက်ပျက်စီးမှု အတိုင်းအတာနဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုကို မသိရသေးပေမယ့် သင်္ဘောသားတွေ ဘေးကင်းတယ်လို့ ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.