ဆက်သွယ်ရေး ပြဿနာကြောင့် အမေရိကန်မှာ လေကြောင်းခရီးစဉ် ပြေးဆွဲမှု ယာယီ ရပ်ဆိုင်းခဲ့ရ

ဝါရှင်တန်၊ နိုဝင်ဘာ ၁၄

ဆက်သွယ်ရေး ပြဿနာ တစ်ခုကြောင့် နိုင်ငံတဝန်း လေကြောင်းပျံသန်းမှုကိုတားမြစ်ထားမှု အဆုံးသတ်ပြီးနောက် အမေရိကန် လေကြောင်းခရီးစဉ်တွေပြန်လည် ပြေးဆွဲချိန် လေဆိပ်တွေမှာ ခရီးသည်တွေ နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နိုဝင်ဘာ ၁၃ ရက် ဂရင်းနစ် စံတော်ချိန် ၂၁ နာရီမှာ လေကြောင်းပျံသန်းခွင့် တားမြစ်မှု စတင်ခဲ့ပြီး လေးနာရီလောက် ကြာမြင့်ခဲ့ပါတယ်။

ဒါဟာ အမေရိကန်မှာ၂၀၀၁ စက်တင်ဘာ ၁၁ ရက်က တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လေကြောင်း ပျံသန်းခွင့် ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း အရှည်ကြာဆုံး ပိတ်ပင်မှု ဖြစ်ပါတယ်။

ဒီလို ပိတ်ပင်ထားမှုနဲ့ အနှောင့်အယှက် ဖြစ်မှုတွေရဲ့ ဆိုးရွားတဲ့ ရိုက်ခတ်မှုတွေ ရက်အတော်ကြာဦးမယ်လို့ မျှော်လင့်ရကြောင်း အမေရိကန် ပို့ဆောင်ရေးဝန်ကြီး ရှောင် ဒပ်ဖီက ပြောပါတယ်။

ဆက်သွယ်ရေး ပြဿနာ တစ်ခုကြောင့် အဲဒီ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဖြစ်တာဆိုတဲ့ အထောက်အထား တစ်ခုမှ မတွေ့ရဘူးလို့ အရာရှိတွေက ပြောပါတယ်။

ဆက်သွယ်ရေးလိုင်း ပြဿနာဖြစ်မှုဟာ စနစ်ဟောင်းတွေကြောင့် ဖြစ်တယ်လို့ သူတို့က ပြောကြားပြီး အလုံးစုံ ပြန်လည် ပြုပြင်မှု မရှိရင် နောက်ထပ်လည်း ဖြစ်ပွားနိုင်တယ်လို့ ပြောပါတယ်။

လေကြောင်း ပျံသန်းမှု ထိန်းချုပ်ရေး ပြဿနာတွေအတွက် လေကြာင်းလိုင်းတွေက ခရီးသည်တွေကို လျော်ကြေး ပေးစရာ မလိုဘူးလို့ သိရပါတယ်။

ဒါပေမဲ့ အမေရိကန် ဖက်ဒရယ်နဲ့ စီရင်စုဆိုင်ရာ ဥပဒေအရ ခရီးသည်တွေကို တချို့သော အတိုင်းအတာအထိ ကာကွယ်ပေးထားဆဲ ဖြစ်ပါတယ်။

အမေရိကန် ဖက်ဒရယ် လေကြောင်း ပျံသန်းမှု စီမံခန့်ခွဲရေး FAA ရဲ့ ၂၀၂၄ အက်ဥပဒေအရ ခရီးသည်တွေအနေနဲ့ ခရီးစဉ် ဖျက်သိမ်းလိုက်လို့ ဒါမှမဟုတ် သိသိသာသာ ကြာနေလို့ လေယာဉ် မစီးတော့ဘူးဆိုရင် တခြား ခရီးသွား အစီအစဉ် စီစဉ်ပေးရမှာ ဖြစ်ပြီး ဒါမှမဟုတ်ရင် လေယာဉ် လက်မှတ်ခ အပြည့် ပြန်အမ်းပေးရမှာ ဖြစ်ပါတယ်။

ပြည်တွင်း ခရီးစဉ်တွေအတွက် ၃ နာရီနဲ့ အထက် နိုင်ငံတကာလမ်းကြောင်းတွေ အတွက် ၆ နာရီနဲ့ အထက် နောက်ကျရင် လက်မှတ်ခ အပြည့် ပြန်ရနိုင်ပါတယ်။

အဲဒီ ဥပဒေအရ လေကြောင်းလိုင်း အားလုံးက ပြန်အမ်းငွေတွေ ထုတ်ပေးဖို့ လိုအပ်ပေမယ့် ခရီးသည်တွေက လေကြောင်း ခရီးစဉ် အသစ် တစ်ခုကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ပြန်အမ်းစရာ မလိုပါဘူး။

အမေရိကန်မှာ လေကြောင်းလိုင်းတွေအနေနဲ့ အစားအစာ ဘောင်ချာတွေနဲ့ နေရာထိုင်ခင်း စီစဉ်ပေးဖို့လည်း မလိုပါဘူး။

ဗြိတိန် ဥပဒေအရ လေကြောင်း ခရီးစဉ်တွေ ကြန့်ကြာနေတာ ဒါမှမဟုတ် ဖျက်သိမ်းလိုက်တာဆိုရင် လေကြောင်းလိုင်းတွေက ဘာအကြောင်းကြောင့် ဖြစ်ဖြစ် ခရီးသည်တွေကို စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။

စားသောက်လို့ရမယ့် ဘောင်ချာတွေ ထုတ်ပေးရမှာ ဖြစ်သလို တခြား တာဝန် ယူရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.