ဝါရှင်တန် ၊ နိုဝင်ဘာ ၁၄
လာမယ့် သီတင်းပတ် ရှန်ကျန်းမြို့မှာ ကျင်းပမယ့် ညီလာခံမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဒေါ်နယ် ထရန့်၊ ဗလာဒီမာ ပူတင်နဲ့ ရှီကျင့်ဖျင်တို့ကြား ပထမဆုံး သုံးပွင့်ဆိုင် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၁၃ ရက်မှာ ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၉ ရက် သုံးပွင့်ဆိုင် ဆွေးနွေးမှုအတွင်း ထရန့်က နျူကလီးယား လက်နက်တိုက်တွေကို လျှော့ချရေး ဆွေးနွေးလိုပြီး သူ့ရဲ့ အီရန် စစ်ပွဲနဲ့ ပတ်သက်လို့လည်း ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
ဒါပေမဲ့ ယူကရိန်း-ရုရှား စစ်ပွဲ အကြောင်းကိုတော့ ဆွေးနွေးဖို့ မမျှော်လင့်ထားဘူးလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းမြို့မှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ ပြင်မှာ ခေါင်းဆောင်သုံးဦး တွေ့ဆုံကြမှာ ဖြစ်ကြောင်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိ အမျိုးသမီး အိုလီဗီယာ ဝေးလ်စ် က သတင်းထောက်တွေကို ပြောပါတယ်။
ဆွေးနွေးမယ့် တခြား အကြောင်းအရာတွေကြား ကမ္ဘာမှာ နျူကလီးယား လက်နက် လျှော့ချရေး ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သမ္မတက ရှင်းရှင်းလင်းလင်း ပြောထားပြီး နျူကလီးယား လက်နက် ပြန့်ပွားမှုဟာ အရမ်း အန္တရာယ်ကြီးတယ်လို့ သမ္မတ ထရန့်က ယုံကြည်ထားကြောင်း ဝေးလ်စ်က ဆိုပါတယ်။
သဘောတူညီမှု တစ်မျိုးမျိုး ရရှိမယ်လို့ မိမိတို့အနေနဲ့ မျှော်လင့်မထားကြောင်း ထရန့် အစိုးရ အကြီးတန်း အရာရှိ တစ်ဦးက နျူကလီးယား ပြဿနာနဲ့ ပတ်သက်လို့ ပြောပါတယ်။
ဘေဂျင်းက သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ဝါရှင်တန်နဲ့ တိုက်ရိုက် စေ့စပ် ညှိနှိုင်းဖို့ ငြင်းဆိုနေတာ နှစ်တွေ အများကြီး ကြာပြီ ဖြစ်ပါတယ်။
ရုရှားနဲ့ အမေရိကန်မှာ ကြီးမားတဲ့ နျူကလီးယား လက်နက်တိုက်တွေ ပိုင်ဆိုင်ထားတာကြောင်း အဲဒီ နှစ်နိုင်ငံ တိုက်ရိုက် ဆွေးနွေးတာက ပိုသင့်တော်လိမ့်မယ်လို့ တရုတ်က ပြောထားပါတယ်။
ရုရှားမှာ သိမ်းဆည်းထားတဲ့ နျူကလီးယား ထိပ်ဖူးအများဆုံး ရှိပြီး အမေရိကန်က ဒုတိယ အများဆုံး ပိုင်ဆိုင်ထားချိန်မှာ အဲဒီနောက်မှာ တရုတ်နိုင်ငံရှိနေကြောင်း Stockholm International Peace Research Institute ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဗျူဟာမြောက် လက်နက်တွေ လျှော့ချရေး သဘောတူညီမှု အသစ် (New START) တစ်ရပ် အမေရိကန်နဲ့ ရုရှားကြားရှိနေပေမယ့် အခုနှစ်မှာ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
လက်နက်လျှောချရေး ထရန့်နဲ့ ဆွေးနွေးမှုမှာ ပါဝင်ဖို့ တရုတ်နဲ့ ရုရှား ရည်ရွယ်ထားသလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဝါရှင်တန်ရှိ တရုတ်နဲ့ ရုရှား သံရုံးတို့ဆီ မှတ်ချက်ပြုပေးဖို့ အီးမေးလ်ကတဆင့် ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိသေးဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
ထရန့်ရဲ့ ဒုတိယ သမ္မတသက်တမ်း အတွင်း ကြီးစိုးထားတဲ့ အဓိက ပဋိပက္ခတွေထဲက တစ်ခု အကြောင်း ဆွေးနွေးဖို့ ရှိနေပေမယ့် တခြား ပဋိပက္ခတွေ အကြောင်း ဆွေးနွေးမှာ မဟုတ်ကြောင်း အမေရိကန်ဘက်က ပြောထားပါတယ်။
ရှီ၊ ပူတင်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံချိန် ထရန့်က အီရန် စစ်ပွဲအကြောင်း ဆွေးနွေးဖို့ ရည်ရွယ်ထားတယ်လို့ ထင်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတစ်ဦးက ပြောပါတယ်။
ဒါပေမဲ့ အဲဒီဆွေးနွေးမှု အတွင်းမှာတော့ ယူကရိန်း စစ်ပွဲအကြောင်း ဆွေးနွေးဖွယ် မရှိဘူးလို့ သိရပါတယ်။
ထရန့်နဲ့ အတူ တရုတ်သို့ Tesla နဲ့ Space X ကုမ္ပဏီတို့ရဲ့ သူဌေးကြီး အီလွန်မတ်စ် လိုက်ပါသွားမှာ ဖြစ်ပေမယ့် ခေါင်းဆောင်သုံးဦး ဆွေးနွေးမှုမှာ ဝင်ပါမှာ မဟုတ်ကြောင်း အရာရှိတွေက ပြောထားပါတယ်။
Ref:Reuters

