မော်လမြိုင် ၊ နိုဝင်ဘာ ၁၅
စစ်တပ် အသွင်ပြောင်း အစိုးရ လက်ထက်မှာ ကြက်သွန်နီဈေးနှုန်း အအဆမတန် စံချိန်တင် မြင့်တက်လာတာကြောင့် ချက်ရေးပြုတ်ရေးတွေကအစ အခက်ကြုံလာရတယ်လို့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်က တစ်ပိဿာကို ကျပ် ၉၈၀၀ အထိ မြင့်တက်လာရာကနေ နိုဝင်ဘာ ဒုတိယအပတ်မှာတော့ တစ်ပိဿာကို ကျပ် ၂၂၀၀၀ ကနေ ကျပ် ၂၅၀၀၀ အထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာပါတယ်။
ကြက်သွန်နီတွေဟာ နေ့စဉ် စားသုံးနေကျတဲ့ အခြေခံ ဟင်းချက်စရာရဲ့ ကုန်ကြမ်းပစ္စည်း ဖြစ်တာကြောင့် အခုလို ဈေးနှုန်း အဆမတန် စံချိန်တင် မြင့်တက်လာတဲ့အတွက် ချက်ရေးပြုတ်ရေးတွေမှာ အခက်ကြုံ လာရတာ ဖြစ်ပါတယ်။
အိမ်ရှင်မ တစ်ဦးကတော့ ကြက်သွန်နီဈေးနှုန်း အခုအတောအတွင်း ဆက်တိုက် မြင့်တက် လာပြီး ကြက်သွန်နီ အပုပ်ဈေးတောင် ကျပ် ၂၀၀၀၀ ရှိတဲ့အတွက် အနားတောင် မကပ်နိုင်တော့ သလို အလုပ်ကြမ်း သမား ဝင်ငွေနဲ့ နှိုင်းယှဉ်ရင် တစ်နပ်စာတောင် မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုကျတော့ ဒီရက်ပိုင်း အတောအတွင်းမှာပဲ ချက်ချင်း (၂၀၀၀၀)ကျော်သွားတယ်။ သေးသေးလေးတွေ ပိစိလေးတွေ အပုပ်တွေနဲ့ ရောထားတာကို အဲတာ ၂၀၀၀၀၊ ကြက်သွန် အပုပ်လည်း အနားတောင် မကပ်နိုင်ဘူး။ အလုပ်ကြမ်း လုပ်တောင်မှ ၁၀၀၀၀ ကျော် ၁၅၀၀၀၊၂၀၀၀၀ ၊ အဲဒါကို သွားဝယ်လိုက်ရင် တစ်နပ်စာတောင် မရဘူး”လို့ ဆိုပါတယ်။
ကြက်သွန်နီ ဈေးနှုန်း အဆမတန် မြင့်တက် လာတာကြောင့် အခြေခံ ပြည်သူတွေအနေနဲ့ ဟင်းတစ်မယ် ချက်ဖို့ အတွက်တောင် ခက်ခဲမှု ရှိလာသလို နောက်ဆို ရေလုံပြုတ်ဟင်းကိုသာ စားရမယ့် အခြေအနေတွေ ဖြစ်လာပြီးလို့ သူကဆက်ပြောပါတယ်။
အိမ်ရှင်မ နောက်တစ်ဦး ကလည်း ကြက်သွန်နီဈေးနှုန်း စံချိန်တင် မြင့်တက်လာတဲ့အတွက် ဟင်းချက်တဲ့ နေရာမှာ တချို့တွေ မဝယ်ထည့်တော့သလို တချို့တွေအနေနဲ့ အနည်းငယ် လောက်သာ ထည့်ကြတော့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကြက်သွန်နီဈေး တက်တာ ကတော့လည်း တချို့ကျရင် မဝယ်ထည့်တော့ဘူးလေ။ မနက်က တစ်ယောက်ဆို ဈေးထဲမှာ လာဝယ်တာ မဝယ်ဘဲနဲ့ ပြန်သွားတယ်။ တစ်ပိဿာကို ၂၅၀၀၀ ဈေးကြီးတော့ မဝယ်တော့တာပေါ့။ ကြက်သွန်နီများတော့ အနှစ်ရတယ်။ တချို့ကျတော့လည်း မထည့်ဘဲနဲ့ ချက်တော့တာပေါ့။တချို့ ကျတော့လည်း ထည့်ချင်ရင် အလုံးသေးရင် တစ်လုံး၊ တစ်ခြမ်း တွေပေါ့”လို့ ဆိုပါတယ်။
တဖက်မှာတော့ မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့စားဖိုဆောင်သုံး သီးနှံ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းဟာ နိုဝင်ဘာ ၁၃ ရက်နေ့က ပွဲရုံတွေကို ခေါ်ပြီး ကြက်သွန်နီ ဈေးနှုန်း ကျဆင်းရေးအတွက် အစည်းအဝေး ခေါ်ယူခဲ့ပေမယ့် ကြက်သွန်နီ ဈေးနှုန်း ကျဆင်းလာတာ မရှိပါဘူး။
ပွဲရုံ လုပ်ငန်းရှင်တွေရဲ့ ပြောကြားချက်အရ ကြက်သွန်နီတွေကိုတော့ မကွေးတိုင်းဘက်မှာ စိုက်ပျိုးကြတာ များပြီး စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်နေကြတဲ့အတွက် စိုက်ပျိုးမှု နည်းလာသလို ပြီးခဲ့တဲ့ နှစ်ကလည်း အရှုံးပေါ်တဲ့အတွက် အနည်းငယ်သာ စိုက်ပျိုး ကြတာကြောင့် အခုလို ဈေးနှုန်း မြင့်တက် လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရင်က ဒေသတွင်းမှာ ကြက်သွန်နီ အထွက်နည်းပါက တရုတ်နိုင်ငံဘက်က တင်သွင်း ကြတာ ရှိပေမယ့် လက်ရှိ တရုတ် နိုင်ငံဘက်ကနေ တင်သွင်းလို့ မရတဲ့ အခြေအနေတွေ ရှိတာကြောင့် အခုလို အဆမတန် ဈေးနှုန်း မြင့်တက် လာရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကြက်သွန်နီ ဈေးနှုန်းတွေ မြင့်တက် လာပေမယ့် ကြက်သွန်နီတွေဟာ တောင်သူတွေ လက်ထဲမှာ မရှိဘဲ သိုလှောင်သူတွေနဲ့ ပွဲရုံတွေမှာသာ ရှိတာကြောင့် ဈေးနှုန်း မြင့်တက်လာပေမယ့် တောင်သူတွေ အတွက် အကျိုးအမြတ် မရှိဘူးလို့ ကြက်သွန်နီ စိုက်ပျိုးသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုလို အခြေခံ စားသောက်ကုန် ဖြစ်တဲ့ ကြက်သွန်နီ ဈေးနှုန်းတွေ အဆမတန် စံချိန်တင် မြင့်တက် လာပေမယ့် အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရကတော့ ဖြေရှင်းပေးတာ မရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

