ကျိုက်ထိုတိုက်ပွဲကြောင့် ဒေသခံ ၁၅၀၀၀ ကျော် စစ်ရှောင်နေရ

ကျိုက်ထို၊ နိုဝင်ဘာ ၁၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထု ၁၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ အခြေချ လှုပ်ရှားနေတဲ့ ကျိုက်ထိုမြို့နယ်ထဲက ကျေးရွာတွေကို အင်အား ၁၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။

စစ်ကြောင်းမထိုးမီ ကျိုက်ထိုမြို့နယ်ရှိ ဇီးပြောင်း(၁) ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတချို့ကို လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

စစ်တပ်စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကညင်အိုင် ၊ ခမောက်ခွေ၊ ကော်ကပ်၊ ကျောက်ဖျာ၊ မိုးဘောနတ်စင်၊ ချောင်းစောင့်၊ ဇီးပြောင်း ၆ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာလောက်က ဒေသခံ ၁၅၀၀၀ ကျော် ထွက်ပြေးနေရတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေ နိုဝင်ဘာ ၁၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါးအပါအဝင် လူသားချင်းစာနာမှု အကူအညီ လိုအပ်မှု မြင့်တက်လာပါတယ်။

စစ်ရှောင်အရေးကူညီတွေရဲ့ ပြောပြချက်အရ ကျိုက်ထိုဒေသခံ စစ်ရှောင်ပြည်သူတွေ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားမှု ကြာရှည်လာပါက ငတ်မွတ်ခေါင်ပါးမှု ဘေးအန္တရာယ် ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဘက်ကတော့ ကျိုက်ထိုစစ်ဆင်ရေးမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်အပါအဝင် တောာ်လှန်ရေးတပ်ဖွဲ့တွေရဲ့ တပ်စခန်း ၁၁ ခု သိမ်းပိုက်ရရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ ကျိုက်ထိုမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေရဲ့ လုံခြုံမှုနဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခက်အခဲ ပိုမိုကြုံတွေ့နေရတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.