ရခိုင်မှာ ကျန်တဲ့ မြို့သုံးမြို့ကို ဆက်သိမ်းမယ်လို့ AA ပြော

စစ်တွေ၊ နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ မြို့တွေကို ဆက်လက်သိမ်းပိုက်ရရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ အာရက္ခတပ်တော် AA က နိုဝင်ဘာ ၁၃ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီး အာရက္ခတပ်တော် AA ဟာ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြို့တွေကို တစ်မြို့ပြီးတစ်မြို့ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့အထိ သိမ်းပိုက်ရရှိထားပြီး ကျန်တဲ့ မြို့သုံးမြို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

အာရက္ခတပ်တော် AA ကတော့ ရခိုင်ပြည်နယ်မှာ သိမ်းပိုက်ဖို့ ကျန်ရှိတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့ကို ဆက်လက်သိမ်းပိုက်ဖို့အတွက် အစွမ်းကုန် ကြိုးပမ်းနေတယ်လို့ AA က အသိပေးထားပါတယ်။

သုံးနှစ်တာတိုက်ပွဲအတွင်း အခက်အခဲမျိုးစုံနဲ့အတူ ကြံ့ကြံ့ခံပါဝင်ခဲ့ပြီး အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ကြတဲ့ အာရက္ခတပ်တော် တပ်သားတွေနဲ့အတူ မိဘပြည်သူတစ်ရပ်လုံးကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်တယ်လို့ AA က ဆိုပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော်ရဲ့ ၁၇ နှစ်တာ ဖြတ်သန်းမှု သမိုင်းထဲမှာ အာရက္ခစစ်သည်တွေရဲ့ အနစ်နာခံမှုတွေကို ဘယ်တောအခါမှ မေ့ပျောက်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

အာရက္ခတပ်တော်အနေနဲ့ မပြီးဆုံးသေးတဲ့ တိုက်ပွဲနဲ့ ဆက်လက်သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.