မော်လမြိုင်၊ နိုဝင်ဘာ ၁၄
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ စစ်အစိုးရ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက လူငယ်တွေ စစ်မှုထမ်းဖို့ ပြည်သူ့စစ်မှုထမ်း အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေပြီး စည်းရုံးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်အစိုးရရဲ့ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကစလို့ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေက လူစည်းကားရာ နေရာတွေနဲ့ ဈေးတွေမှာ ပြည်သူ့စစ်မှုထမ်း အသိပညာပေး လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတာပါ။
ပြည်သူ့စစ်မှုထမ်း အသိပညာပေးလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေရာမှာ “ပြည်ချစ်သား”၊ “နိုင်ငံ့သားကောင်း“၊ ပြည်သူ့စစ်မှုထမ်းများ၏ ၂ နှစ်တာ ဂုဏ်ယူဖွယ်ရာ”ဆိုတဲ့ လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်း လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေရာမှာလည်း ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေက လူငယ်တွေကို စစ်မှုထမ်းဆောင်ကြဖို့နဲ့ စစ်မှုထမ်းဆောင်ပြီးရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိမယ်ဆိုပြီး စည်းရုံးပြောဆိုမှုတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ စစ်မှုထမ်းအတွက် လူငယ်တွေ အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးတာ၊ ရပ်ကွက်ကျေးရွာတွေမှာ စစ်မှုထမ်းအတွက် လစဉ်ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်နေပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ လစဉ်စစ်မှုထမ်း တပ်သားစုဆောင်းမှုကြောင့် ဒေသတွင်းက လူငယ်တွေဟာ ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာမှုတွေ ဆက်ရှိနေပြီး ဒေသတွင်းမှာ အလုပ်သမား ရှားပါးမှုပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပါတယ်။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၉ အထိ လူငယ် ၆၀၀၀ ကျော် စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်

