တီဟီရန် ၊ နိုဝင်ဘာ ၁၈
အမေရိကန်က ဟောမု့ဇ် ရေလက်ကြားရှိ အီရန်နိုင်ငံရဲ့ ကက်ရှ်ကျွန်းကို တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီးနောက် ဝါရှင်တန်ရဲ့ ပင်လယ်ကွေ့ မဟာမိတ်နိုင်ငံတွေဟာ အန္တရာယ်အတွက် နာရီပေါင်းများစွာ ကြာအောင် ကြိုတင် ပြင်ဆင်ထားချိန် ကူဝိတ်က ဒရုန်းနဲ့ ရန်လိုတိုက်ခိုက်မှုတွေကို တုံ့ပြန်ထားဆီးခဲ့ရတယ်လို့ နိုဝင်ဘာ ၁၈ ရက်မှာ ပြောပါတယ်။
အမေရိကန်က အသုံးပြုနေတဲ့ ဘာရိန်းနိုင်ငံရှိ အခြေစိုက် စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အီရန်က ပြောကြားပြီး တစ်ရက်အကြာ နိုဝင်ဘာ ၁၈ ရက် မနက်ပိုင်းက အီရန်ရဲ့ တိုက်ခိုက်မှုတွေကို မိမိတို့ လေကြောင်း ကာကွယ်ရေးက ကြားဖြတ် တားဆီးခဲ့ရတယ်လို့ ဘာရိန်းက ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင် တင်ပို့မှု လမ်းကြောင်း ဖြစ်တဲ့ အဓိက ရေလမ်းကြောင်းနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ အီရန် လိပ်ခဲတည်းလည်း အခြေအနေ ဆက်ကြုံနေချိန်မှာ အခုလို ကြားဖြတ် တားဆီးရမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ လကုန်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ စတင်ခဲ့တဲ့ အီရန် စစ်ပွဲဟာ တင်းမာမှု အခြေအနေ လျော့နည်းသွားပေမယ့် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
စစ်ပွဲဟာ အမေရိကန် စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေကို လက်ခံထားတဲ့ ပင်လယ်ကွေ့ နိုင်ငံထဲကို လျှံထွက်လာခဲ့ပြီး တီဟီရန်က လက်စားချေ တိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်နေပါတယ်။
မိမိတို့ရဲ့ လေကြောင်းကာကွယ်ရေးက ရန်လို တိုက်ခိုက်တဲ့ ဒရုန်း အန္တရာယ်တွေကို တုံ့ပြန်ခဲ့ရတယ်လို့ ကူဝိတ် စစ်တပ်က ပြောကြားပြီး ပြည်သူတွေအနေနဲ့ လုံခြုံရေး ဘေးကင်းရေး အကြံပြုချက်တွေအတိုင်း လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
အမေရိကန်က ကက်ရှ်ကျွန်းကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဒေသဆိုင်ရာ အရာရှိ တစ်ယောက်ကို ကိုးကားပြီး အီရန် နိုင်ငံပိုင် IRNA သတင်းဌာနက စောစောပိုင်းက ဖော်ပြခဲ့ပါတယ်။
ကက်ရှ် ကျွန်းပေါ်ရှိ အီရန် စစ်တပ်ရဲ့ ဒုံးကျည် ပစ်လွှတ်ရာ နေရာတစ်ခုကို အမေရိကန် တိုက်လေယာဉ်တွေက တိကျသေချာတဲ့ ကျည်ဆံတွေသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိ တစ်ယောက်က ပြောပါတယ်။
အမေရိကန် စစ်သားတွေနဲ့ ပိုင်ဆိုင်မှုတွေကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်မှု ပိုများလာတာကြောင့် အခုလို တုံ့ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့ အဲဒီ အရာရှိက ဆိုပါတယ်။
ဟောမု့ဇ် ရေလက်ကြားကို ထိန်းချုပ်နိုင်ရေး ဝါရှင်တန်နဲ့ တီဟီရန်တို့ အပြိုင်ကြိုးပမ်းနေပြီး အီရန်က ပိတ်ဆို့ဖို့ ကြိုးပမ်းနေချိန်မှာ အမေရိကန် စစ်တပ်က ရေလမ်းကြောင်းကနေ ဖြတ်သန်းတဲ့ သင်္ဘောတွေကို ကာကွယ်ဖို့ လုပ်ဆောင်နေပါတယ်။
နှစ်ဖက်ကြား ရန်လို တိုက်ခိုက်မှုတွေ ရာနှုန်းပြည့် ပြန်မစသေးပေမယ့် တင်းမာမှုတွေ ဆက်လက် မြင့်တက်နေဆဲ ဖြစ်ပါတယ်။
Ref:Reuters

