ရှန်ကျန်း ၊ နိုဝင်ဘာ ၁၉
အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်ရေး ဝါရှင်တန်အနေနဲ့ တရုတ်နဲ့ ရုရှားဆီက အကူအညီ မလိုအပ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
“ကျွန်တော်တို့ ဘာအကူအညီမှ မလိုပါဘူး။ သူတို့ လေတပ်ကို ကျွန်တော်တို့ ချေမှုန်းထားပြီးပြီ။ သူတို့ရဲ့ လေယာဉ်ပစ်စနစ်ကို ချေမှုန်းထားပြီးပါပြီ” လို့ ထရန့်က တရုတ် သမ္မတ ရှီကျင့်ဖျင်၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့နဲ့ သုံးပွင့်ဆိုင် တွေ့ဆုံမှု မတိုင်ခင် တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ Fox News သတင်းဌာနကို ပြောဆိုခဲ့တာပါ။
အီရန်မှာ အရင်က ရှိခဲ့တဲ့ ဒုံးကျည်တွေရဲ့ ၁၂ ရာခိုင်နှုန်း ၁၃ ရာခိုင်နှုန်းလောက်အထိ လျော့ကျသွားပြီ ဖြစ်ပြီး သူတို့က သဘောတူညီမှု တစ်ရပ်ရယူချင်တာကြောင့် မိမိအနေနဲ့ အကူအညီ မလိုကြောင်း ဘာအကူအညီမှ တောင်းဆိုသွားမှာ မဟုတ်ကြောင်း ထရန့်က ဆိုတာပါ။
ဟောမု့ဇ် ရေလက်ကြားကိုလည်း အမေရိကန်က လုံးဝ ထိန်းချုပ်ထားကြောင်း၊ တရုတ်နဲ့ ရုရှားက မိမိတို့ကို အလွန်ကောင်းကောင်း ဆက်ဆံကြောင်းလည်း ထရန့်က ပြောဆိုပါတယ်။
မိမိ အနေနဲ့ မကြာခင် သဘောတူညီမှု တစ်ရပ် အပြီးသတ်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး တခြားနည်းလမ်းနဲ့ အဆုံးသတ်ပစ်ဖို့လည်း စီစဉ်ထားတယ်လို့ သူက ဖြည့်စွက်ပြောဆိုပါတယ်။
တရုတ်က စွမ်းအင် အရမ်း ဆိုးဆိုးရွားရွား လိုအပ်နေပြီး ရုရှားမှာ စွမ်းအင်ရှိကြောင်းလည်း ထရန့်က ပြောပါတယ်။
ဝါရှင်တန် ဒီစီကို အီရန်က ညစ်ညမ်းဗုံးနဲ့ တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ ထရန့်က အီရန်ဟာ ဓာတ်ငွေ့နဲ့ ဇီဝလက်နက်တွေကို လေ့လာနေတယ်ဆိုတဲ့ ဖော်ပြချက်ရှိနေတယ်လို့ တုံ့ပြန်ပါတယ်။
သူတို့ဟာ ဆိုးရွားတဲ့ လူတွေ ဖြစ်ပြီး အဲဒီလို တိုက်ခိုက်လာရင် သူတို့ကို ရှင်းထုတ်ပယ်မယ်လို့လည်း ထရန့်က ပြောပါတယ်။
အစိုးရ အဖွဲ့ဝင်တွေ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်းတွေဆီ ပြောင်းရွှေ့ နေထိုင်နေတာနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ အဲဒီလို လုပ်ဆောင်တာဟာ အီရန် အခြေအနေကြောင့် မဟုတ်ဘူးလို့ ထရန့်က ပြောပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က စစ်ပွဲ ဆင်နွှဲနေတာကြောင့် ဒေသဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ပြောဆိုချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ရက်က တိုက်ခိုက်မှုတွေနဲ့ စတင် ရင်ဆိုင်ရပြီး နောက်ပိုင်း အီရန်က အစ္စရေးနဲ့ အမေရိကန် စစ်စခန်းတွေ လက်ခံထားတဲ့ ပင်လယ်ကွေ့ နိုင်ငံတွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ ဇွန်လက နားလည်မှု စာချွန်လွှာ တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပေမယ့် ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောများ လွတ်လပ် ဖြတ်သန်းရေး၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သဘောထား ကွဲလွဲမှုတွေကြောင့် ရာနှုန်းပြည့် အကောင်အထည် မဖော်ဖြစ်ခဲ့ပါဘူး။
အမေရိကန်က အီရန် ဆိပ်ကမ်းတွေကို ရေတပ်နဲ့ ပိတ်ထားပြီး စီးပွားရေး အထိနာအောင် လုပ်ဆောင် နေပါတယ်။
အမေရိကန်က အီရန်ရဲ့ ရေနံထုတ်လုပ်ရာ အဓိက ကျွန်း တစ်ကျွန်းကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်က ဒေသတွင်း ပင်လယ်ကွေ့ နိုင်ငံတွေကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ စစ်ပွဲကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ဈေး ကမ္ဘာတဝန်း မြင့်တက်ခဲ့ပါတယ်။
Ref:AA

