ဘန်ကောက်၊ နိုဝင်ဘာ ၁၉
ထိုင်းနိုင်ငံရှိ ကုမ္ပဏီတွေအနေနဲ့ ၂၀၂၆ ခုနှစ် နိုဝင်ဘာမှာ စတင်မယ့် နှစ်နှစ် စီမံကိန်း တစ်ရပ်အရ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အလုပ်ခန့်ထားရေး အကူအညီ ရရှိမှာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနား တစ်ရပ်မှာ အဲဒီ စီမံကိန်းအတွက် အစီအစဉ်တွေ ပါဝင်တဲ့ သဘောတူညီမှုကို ဂျပန် အစိုးရနဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (ILO) တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဂျပန် အစိုးရက ယန်း ၄၇၈ သန်းအထိ ရန်ပုံငွေ ထောက်ပံ့ပြီး အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်သင်ကြားရေး ကိရိယာ တန်ဆာပလာတွေ ထောက်ပံ့မှာ ဖြစ်ပြီး ဒုက္ခသည်တွေကို အလုပ်ခန့်ထားရေး စနစ် တစ်ခု တည်ဆောက်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး မာဆာတို အိုတာကာက ဒုက္ခသည်တွေ အန္တရာယ်ကင်းစွာ အလုပ်လုပ်ခွင့်ရှိမယ့် အစီအစဉ်တွေကို မိမိတို့ အစိုးရက ထောက်ပံ့ပေးသွားမယ်လို့ လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောပါတယ်။
အခုအချိန်မှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းတွေရဲ့ အပြင်ဖက်မှာ အလုပ်ရနေတဲ့ ဒုက္ခသည် ၆၀၀၀ လောက် ရှိပြီ ဖြစ်ပါတယ်။
အဲဒီ ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့တွေနဲ့ ထိုင်း ဒုက္ခသည် စခန်းတွေမှာ နေထိုင်လာခဲ့တာ နှစ်များစွာ ကြာပြီ ဖြစ်ပါတယ်။
ဒီအချိန်မှာ အမေရိကန် အစိုးရက ပြည်ပ အကူအညီတွေကို သိသိသာသာ လျှော့ချလိုက်တာကြောင့် ထိုင်းနိုင်ငံရှိ မြန်မာ ဒုက္ခသည်တွေ အခက်အခဲ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရ ပါတယ်။
ဒုက္ခသည်တွေ အလုပ်လုပ်ခွင့် မရှိဆိုတဲ့ တားမြစ်ချက်ကို ထိုင်း အစိုးရက ၂၀၂၅ ခုနှစ် အောက်တိုဘာက ရုတ်သိမ်း လိုက်တာကြောင့် မြန်မာနိုင်ငံက ဒုက္ခသည်တွေ အလုပ်လုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ အတားအဆီးတွေထဲက တစ်ခုကတော့ ဘာသာစကားပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံတဝန်း ဒုက္ခသည် စခန်း ၉ ခုမှာ မှတ်ပုံတင်ထားသူ ၇၈၀၀၀ လောက်ရှိပါတယ်။
အိမ်နီးချင်း မြန်မာနိုင်ငံမှာ စစ်တပ် အုပ်ချုပ်တဲ့ ကာလအတွင်း လူသားချင်း စာနာထောက်ထားရေး အခြေအနေတွေ ပိုဆိုးလာခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ခိုက်မှုတွေကြောင့် ထိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရသူ အရေအတွက်လည်း ပိုများလာနေပါတယ်။
အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ အများကြီး ရှိပြီး တချို့က နိုင်ငံတွင်းမှာ စစ်ဘေးရှောင်နေကြသလို တခြား လူတွေကတော့ ပြည်ပကို ထွက်ပြေးနေကြပါတယ်။
ကမ္ဘောဒီးယားနဲ့ ထိုင်းကြား နယ်စပ် အငြင်းပွားမှုကြောင့် ကမ္ဘောဒီးယား နိုင်ငံသားတွေ မိခင်နိုင်ငံ ပြန်သွား ပြီးနောက် ထိုင်းမှာ လုပ်သားအင်အား ပြတ်လပ်မှု ပိုများလာခဲ့ပါတယ်။
လက်ရှိ အကောင်အထည်ဖော်မယ့် စီမံကိန်းကြောင့် ထိုင်းနိုင်ငံ စီးပွားရေး အတွက် အကျိုးရှိမှာ ဖြစ်ကြောင်း သံအမတ်ကြီး အိုတာကာက ပြောပါတယ်။
အလုပ်သမား ပြတ်လပ်မှု ပြဿနာတွေကြောင့် အခက်ကြုံနေတဲ့ ထိုင်းနိုင်ငံရှိ ဂျပန် ကုမ္ပဏီတွေအတွက် လုပ်ငန်း အခြေအနေ တိုးတက် ကောင်းမွန်အောင် ဂျပန်က ကူညီပေးသွားမယ်လို့လည်း သူက ဖြည့်စွက် ပြောဆိုပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေအတွက် များပြားမှုနဲ့ ပတ်သက်လို့ အမျိုးသားရေး ဝါဒီတွေက ပြစ်တင် ဝေဖန်နေသလို စီးပွားရေးအကြောင်းအရင်းတွေကြောင့် ထောက်ခံသူတွေလည်း ရှိနေပါတယ်။
Ref:NationThailand

