ကွာလာလမ်ပူ၊ နိုဝင်ဘာ ၁၉
ခိုလှုံခွင့် ရရှိဖို့ ကြိုးပမ်းသူတွေကို ကိုင်တွယ်ဖြေရှင်းရေး ကိုယ်ပိုင်စနစ်ကို အသုံးပြုဖို့ မလေးရှား အစိုးရက ဆုံးဖြတ်လိုက်ပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီ UNHCR ရဲ့ မလေးရှားရုံးခွဲက သူတို့ရဲ့ မှတ်ပုံတင်ရေးနဲ့ မှတ်တမ်းတင်ရေး အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေညာပါတယ်။
ခိုလှုံခွင့် တောင်းခံမှုတွေကို စီမံခန့်ခွဲရေး မူဘောင် အားကောင်းလာစေရေး မလေးရှား အစိုးရရဲ့ ကြိုးပမ်းမှုကို အပြည့်အဝ ထောက်ခံကြောင်း UNHCR က ပြောပါတယ်။
ဒုက္ခသည်တွေကို ဆက်လက် အကာအကွယ်ပေးရေး အသွင်ပြောင်း လမ်းပြ မြေပုံ တစ်ရပ်နဲ့ ပတ်သက်လို့ ဆက်လက် စေ့စပ်နေဆဲ ဖြစ်တယ်လို့လည်း UNHCR က ပြောပါတယ်။
အဆိုပြုထားတဲ့ လမ်းပြမြေပုံက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးကြား သင့်တော်တဲ့ ဘေးကင်းရေး စောင့်ရှောက်ပေးမှု ထိရောက်တဲ့ ဆက်သွယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ အလေးထားကြောင်း UNHCR ရဲ့ နိုဝင်ဘာ ၁၈ ရက် ကြေညာချက်မှာ ရေးပါတယ်။
မလေးရှားဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီမှုကို လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံ မဟုတ်ဘဲ ခိုလှုံခွင့်ရရှိဖို့ ကြိုးပမ်းသူတွေကို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအဖြစ် မှတ်ယူထားပါတယ်။
UNHCR က မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စလင် အများစု ပါဝင်တဲ့ မလေးရှားရှိ ဒုက္ခသည်တွေကို မှတ်ပုံတင်တာ၊ မှတ်တမ်းယူတာနဲ့ အကူအညီ ပေးတာတွေ အရင်က လုပ်ဆောင်ခဲ့ပါတယ်။
မြန်မာ စစ်တပ်ရဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇ က တိုက်ခိုက်သတ်ဖြတ်မှုတွေ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်၊ မမြောက် ကုလသမဂ္ဂ ထိပ်တန်း တရားရုံးက နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
မလေးရှားရဲ့ ဒုက္ခသည် မှတ်ပုံတင်ရေး စီမံကိန်းကို လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ထားပြီး ပွင့်လင်း မြင်သာမှုနဲ့ လုံလောက်တဲ့ ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ထားမှု မရှိဘူးလို့ ဆိုပါတယ်။
ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း စစ်ဆေး အတည်ပြုတာနဲ့ စောင့်ကြည့်တာ အပါအဝင် ဒုက္ခသည်ဆိုင်ရာ အချက်အလက်တွေကို ပိုကောင်းကောင်း စီမံခန့်ခွဲခွင့် ပေးထားတယ်လို့ အစိုးရက ပြောပါတယ်။
UNHCR က ပြောင်းလဲရေး ကာလအတွင်း နည်းပညာဆိုင်ရာ အကြံတွေပေးပြီး မလေးရှား အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်သွားတယ်လို့ ပြောပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ ခိုလှုံခွင့် တောင်းခံထားသူတွေအနေနဲ့ မြန်မာနိုင်ငံသို့ ပြန်ပို့ခံရရင် အန္တရာယ် ရှိနိုင်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုခဲ့ပေမယ့် မလေးရှားက မြန်မာ ဒုက္ခသည် အများအပြားကို ပြန်လည် ပို့ဆောင်ခဲ့ ပါတယ်။
အဲဒီလို ပို့ဆောင်ရာမှာလည်း မြန်မာနိုင်ငံက လွှတ်လိုက်တဲ့ သင်္ဘောတွေနဲ့ ပြန်ပို့ခဲ့တာ ဖြစ်ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါက ပြောပါတယ်။
ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်မယ့် အစီအစဉ်နဲ့ အတူ မလေးရှား လဝကနဲ့ ရဲ့တပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေ ဖမ်းဆီးမှုတွေ ပိုများလာပါတယ်။
မလေးရှား နိုင်ငံသားတွေကြား ရွှေ့ပြောင်းနေထိုင်သူများ ဆန့်ကျင်ရေး သဘောထားတွေ အားပိုကောင်းလာချိန် မှာ ဒုက္ခသည်တွေဟာ ကိုယ့်သဘောကိုယ် ပြန်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ မလေးရှား အစိုးရက ပြောပါတယ်။
မလေးရှားမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေနဲ့ ခိုလှုံခွင့် တောင်းခံထားသူ ၁၉၀၀၀၀ မှာ သုံးပုံနှစ်ပုံဟာ ရိုဟင်ဂျာတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။
Ref:Reuters

