ဘန်ကောက်မှာ တည်ဆောက်ဆဲ အဆောက်အဦ ပြိုကျမှုနောက်ကွယ်က ကုမ္ပဏီရဲ့တာဝန်ရှိသူ ၃ ဦး ထောင်ဒဏ် ချမှတ်ခံရ

ဘန်ကောက် ၊ နိုဝင်ဘာ ၁၉

ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့နှစ် မတ် ၂၈ ရက်က ဆောက်လက်စ အစိုးရ စာရင်းစစ်ရုံး အဆောက်အဦ ပြိုကျမှုနဲ့ ပတ်သက်လို့ မြို့ပြ အင်ဂျင်နီယာ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ China Railway 10 (Thailand)ရဲ့ တရုတ်နိုင်ငံသား ဒါရိုက်တာနဲ့ ထိုင်းနိုင်ငံသား အမည်ခံ ရှယ်ယာရှင် ၃ ဦးကို ၂ နှစ်နဲ့ ၄ နှစ်ကြား ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။

ဆောက်လုပ်ရေး အလုပ်သမားတွေ အများစု ပါဝင်တဲ့ လူ ၉၀ လောက် သေဆုံးခဲ့ရတဲ့ အဲဒီ အဆောက်အဦး ပြိုကျမှုကို တရားရုံးရဲ့ ကြားနာ စစ်ဆေးမှု အပြီးမှာ အဲဒီ ပုဂ္ဂိုလ် ၄ ဦးကို ဘတ် ၈ သိန်းကနေ ဘတ် ၁ ဒသမ ၆သန်းကြား ဒဏ်ငွေတွေလည်း အသီးသီး ချမှတ်ခဲ့ပါတယ်။

ထိုင်းတရားရုံးက အဲဒီ ကုမ္ပဏီကိုလည်း ဘတ် ၁ သန်း ဒဏ်ရိုက်ပြီး ပြည်ပ စီးပွားရေးလုပ်ငန်း အက်ဥပဒေ ချိုးဖောက်မှုအတွက်လည်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့တဲ့ တရုတ် ဒါရိုက်တာ ကျန်းရွှာလင်းကို ပြည်ပ စီးပွားရေးလုပ်ငန်း ဥပဒေချိုးဖောက်မှုအတွက် ထောင် ၃ နှစ်နဲ့ ဘတ် ၁ သန်း ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံသား အမည်ခံ ရှယ်ယာရှင် နှစ်ယောက်ကို အမည်ခံ ရှယ်ယာရှင်တွေ အဖြစ်၊ ဒါရိုက်တာတွေအဖြစ် အမည်ခံမှုနဲ့ ထောင် ၆ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၂ သန်းစီချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ သူတို့က အပြစ်ရှိကြောင်း ထွက်ဆိုခဲ့တာကြောင့် သူတို့ရဲ့ ပြစ်ဒဏ်တွေကို ထောင် ၄ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၁ ဒသမ ၆ သန်းသို့ လျှော့ချပေးခဲ့ပါတယ်။

သူတို့ကို ရှယ်ယာတွေ ကိုင်ထားတာ အပါအဝင် ကုမ္ပဏီနဲ့ နောက်ထပ် မပတ်သက်လို့လည်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

တတိယမြောက် ထိုင်းနိုင်ငံသား အမည်ခံ ရှယ်ယာရှင်ကိုတော့ ထောင် ၃ နှစ်နဲ့ ဒဏ်ငွေ ဘတ် ၁ သန်းချမှတ် ခဲ့ပေမယ့် သူက အပြစ်ရှိကြောင်း ထွက်ဆိုခဲ့တဲ့ အတွက် ထောင်ဒဏ်ကို ၂ နှစ်နဲ့ ၄ လ၊ ဒဏ်ငွေကို ဘတ် ၈ သန်းသို့ လျှော့ပေါ့ပေးခဲ့ ပါတယ်။

အမှုကြားနာ စစ်ဆေးချိန် အတွင်း မိမိတို့ ကုမ္ပဏီအနေနဲ့ အဲဒီ အဆောက်အဦ ဆောက်လုပ်မှုမှာ ပါဝင်မှု မရှိဘူးလို့ China Railway 10 (Thailand) က ပြောပါတယ်။

ဒါပေမဲ့ ဘဏ္ဍာရေး မှတ်တမ်းတွေနဲ့ တခြား အထောက်အထားတွေက အဲဒီ ကုမ္ပဏီဟာ အစကတည်းက ဆောက်လုပ်ရေးမှာ ပါဝင်နေကြောင်း ဖော်ပြနေတာကြောင့် တရားရုံးက သူတို့ရဲ့ ပြောဆိုမှုကို ပယ်ချခဲ့ပါတယ်။

ကုမ္ပဏီကရော ကျန်းရွှာလင်းပါ နိုင်ငံခြားက ဖြစ်ပြီး ဆောက်လုပ်ရေးမှာ ပါဝင်ခဲ့တာ ဖြစ်သလို သူတို့ရဲ့ လုပ်ရပ်တွေကြောင့် ပြင်းထန်တဲ့ ရလဒ်တွေ ထွက်ပေါ်စေခဲ့တဲ့အတွက် တာဝန်ခံရမှာ ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

ပြစ်ဒဏ်ချမှတ်ခံရသူ ၄ ဦးစလုံးက အာမခံ လျှောက်ထားပြီး ကြားနာ စစ်ဆေးဖို့ အစီအစဉ် ရှိပါတယ်။

Ref:ThaiPBSWorld

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.