ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ICJ တရားရုံး အပြီးသတ်ဆုံးဖြတ်

သည်ဟိတ် နိုဝင်ဘာ ၁၉

၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူထောင်ပေါင်းများစွာ သတ်ဖြတ်ခဲ့တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာဟာ နိုင်ငံတော်က ဦးဆောင်ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှုမြောက်တယ်လို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အပြီးသတ်ဆုံးဖြတ်လိုက်ပါတယ်။

မွတ်စလင်အများစုနေထိုင်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့ပြီး ခုနစ်နှစ်အကြာမှာ အခုလို ဆုံးဖြတ်ချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ Holocaust ဖြစ်ရပ်နောက်ပိုင်း နိုင်ငံတကာတရားရုံးတစ်ခုက လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း ဆုံးဖြတ်ခဲ့တဲ့ စတုတ္ထမြောက်အကြိမ်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ICJ က ပထမဆုံးအကြိမ် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

ICJ တရားရုံးဥက္ကဋ္ဌ ယူဂျီ အီဝါဆာဝါက စီရင်ချက်ဖတ်ကြားရာမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာအရပ်သား ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေအပေါ် ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ ရိုဟင်ဂျာတွေကိုလည်း တိုက်ခိုက်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီးတွေရဲ့ တွေ့ရှိချက်အရ မြန်မာစစ်တပ်ဟာ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာအမျိုးသားတွေနဲ့ ယောက်ျားလေးတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သလို ရိုဟင်ဂျာအမျိုးသမီးတွေအပေါ် မုဒိမ်းမှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုလည်း ကျူးလွန်ခဲ့ပါတယ်။

ရိုဟင်ဂျာကျေးရွာ ရာပေါင်းများစွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရိုဟင်ဂျာတွေအပေါ် အမုန်းစကားတွေကိုလည်း စစ်တပ်က တက်တက်ကြွကြွ ဖြန့်ဝေခဲ့ကြောင်း တရားသူကြီးတွေက ပြောကြားခဲ့ပါတယ်။

အခု ICJ ရဲ့ အပြီးသတ်စီရင်ချက်ကိုတော့ အယူခံဝင်လို့ မရတော့ပါဘူး။

နိုင်ငံတကာတရားရုံးတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း သက်သေပြနိုင်တဲ့ အမှုတွေဟာ အလွန်နည်းပါးပါတယ်။ အကြောင်းအရင်းက လူမျိုးတုံးသတ်ဖြတ်မှုမြောက်ဖို့ဆိုရင် လူမျိုးစု၊ ဘာသာရေးအုပ်စု ဒါမှမဟုတ် လူမျိုးရေးအုပ်စုတစ်ခုကို အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့ကြောင်း သက်သေပြနိုင်ဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ICJ ဆုံးဖြတ်ချက်ဟာ တခြားနိုင်ငံတကာအမှုတွေမှာလည်း သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ရိုက်တာ က ဖော်ပြထားပါတယ်။

အဲဒီအထဲမှာ ၂၀၂၃ ခုနှစ်က ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး အစ္စရေးနိုင်ငံကို တောင်အာဖရိကနိုင်ငံက တရားစွဲဆိုထားတဲ့ အမှုလည်း ပါဝင်ပါတယ်။

အစ္စရေးနဲ့ မြန်မာနိုင်ငံတို့ကတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားကြပြီး သူတို့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို တရားဝင်တုံ့ပြန်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားကြပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခုစီရင်ချက်ဟာ ဂမ်ဘီယာနိုင်ငံအတွက် ကြီးမားတဲ့ ဥပဒေရေးရာအောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

ရိုဟင်ဂျာမွတ်စလင် အနည်းဆုံး ခုနစ်သိန်းကို ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့ မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်စေခဲ့တဲ့ စစ်ဆင်ရေးအတွက် မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

တရားသူကြီး ၁၅ ဦးပါဝင်တဲ့ တရားရုံးအဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ လုပ်ရပ်တွေကို ရှင်းပြနိုင်တဲ့ တစ်ခုတည်းသော ကျိုးကြောင်းဆီလျော်တဲ့ ကောက်ချက်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာလူမျိုးစုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိခဲ့တာပဲ ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဒီအချက်ဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း သတ်မှတ်ဖို့ လိုအပ်တဲ့ ဥပဒေစံနှုန်းနဲ့ ကိုက်ညီတယ်လို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်ခဲ့တဲ့ ချိုးဖောက်မှုတွေအတွက် ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့ တာဝန်ရှိတယ်လို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လျော်ကြေးပမာဏကိုတော့ နောက်ပိုင်းမှာ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေကို မူလနေထိုင်ရာဒေသတွေဆီ လုံခြုံစိတ်ချရပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်လည်နေထိုင်ခွင့်ပေးဖို့နဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အခုမတိုင်ခင် နိုင်ငံတကာတရားရုံးတွေက လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အသိအမှတ်ပြုခဲ့တဲ့ ဖြစ်ရပ်တွေကတော့ ၁၉၉၄ ခုနှစ် ရဝမ်ဒါလူမျိုးတုံးသတ်ဖြတ်မှု၊ ၁၉၉၅ ခုနှစ် ဘော့စနီးယားနိုင်ငံ Srebrenica သတ်ဖြတ်မှုနဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေနှောင်းပိုင်း ကမ္ဘောဒီးယားနိုင်ငံ ခမာနီအစိုးရလက်ထက်က ကျူးလွန်မှုတွေပဲ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.