ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၀
နိုင်ငံတကာ တရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို နှောင့်နှေးကြန့်ကြာမှု မရှိဘဲ အပြည့်အဝ အကောင်အထည် ဖော်ရေး မြန်မာကို ဥရောပသမဂ္ဂ (အီးယူ) က နိုဝင်ဘာ ၁၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ဆုံးဖြတ်ချက် လိုက်နာရေးဟာ နိုင်ငံတကာ ဥပဒေတွေအရ တာဝန်တစ်ရပ် ဖြစ်တယ်လို့ အီးယူက ဖော်ပြထားပါတယ်။
တရားရုံး ဆုံးဖြတ်ချက်အရ မြန်မာအနေနဲ့ ထိခိုက်စေခဲ့တဲ့ အတိုင်းအတာအတွက် နစ်နာကြေး၊ လျော်ကြေးပေးတာ အပါအဝင် လိုက်နာရမယ့် တာဝန်တွေ ပြည့်စုံအောင် လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ဥရောပကော်မရှင် ရဲ့ သံတမန်ဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ အီးယူက ပြောထားပါတယ်။
ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာရေးဟာ ကိုယ့်စိတ်ကြိုက် လုပ်ရမှာ မဟုတ်ဘဲ နိုင်ငံတကာဥပဒေအရ တာဝန် တစ်ရပ် ဖြစ်တယ်လို့ အီးယူက ဆိုပါတယ်။
ပြဿနာကို ရေရှည် ပြေလည်စေရေး ဒေသဆိုင်ရာ တည်ငြိမ်ရေးအတွက် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေ တာဝန်ခံဖို့ မရှိမဖြစ် လို အပ်တယ်လို့ အီးယူက ပြောပါတယ်။
ရိုဟင်ဂျာတွေဟာ ထွက်ပြေးတိမ်းရှောင်ရတာ၊ အကြမ်းဖက် တိုက်ခိုက်ခံရတာ၊ အပါအဝင် ဧရာမ ဒုက္ခတွေ ခံစားခဲ့ရပြီး သူတို့ရဲ့ အတိဒုက္ခကို မေ့ထားလို့ မရဘူးလို့လည်း ဆိုပါတယ်။
ဒီအထင်ကရ ဆုံးဖြတ်ချက်က ထိခိုက် နစ်နာသူတွေအတွက် ကြီးမားတဲ့ တရားမျှတမှု ဖြစ်ကြောင်း ဖော်ပြနေပြီး နိုင်ငံတကာ ဥပဒေကို ထိန်းသိမ်းရေး လိုအပ်ချက်ကို မီးမောင်းထိုးပြနေတယ်လို့ အီးယူက ဖော်ပြထားပါတယ်။
ကျယ်ပြန်တဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုတွေ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် အန္တရာယ်တွေ ပိုများလာနေချိန်မှာ ICJ ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်နဲ့ လုပ်ပိုင်ခွင့် အာဏာဟာ ခါတိုင်းထက် အရေးကြီးလာတယ်လို့လည်း ပြောပါတယ်။
နိုင်ငံအားလုံး တရားရုံး ဆုံးဖြတ်ချက်တွေကို လေးစားဖို့နဲ့ တရားဆုံး ဆုံးဖြတ်ချက်တွေကို ချက်ချင်း အပြည့်အဝ အကောင်အထည်ဖော်ရေး အီးယူက တိုက်တွန်းထားပါတယ်။
မြန်မာဟာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ကုလသမဂ္ဂ ထိပ်တန်း တရားရုံးက နိုဝင်ဘာ ၁၉ ရက်မှာ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဒါက လူမျိုးတုန်း သတ်ဖြတ်မှုအတွက် နိုင်ငံတစ်နိုင်ငံကို တာဝန်ခံခိုင်းတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးများ အတွင်း လူမျိုးတုံး သတ်ဖြတ်မှုအတွင်း မြန်မာမှာ တာဝန်ရှိကြောင်း ICJ က ထောက်ခံမဲ ၉ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကတော့ ICJ ရဲ့ နိုင်ငံရေး ပုံစံသွင်းမှုကို ရှောင်ရှားဖို့ တိုက်တွန်းပြီး မြန်မာနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို စိစစ်လေ့လာနေတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတကာ တရားမျှတမှုကို ဖော်ပြလိုက်တာ ဖြစ်ပြီး အဲဒီလို ဆိုးရွားတဲ့ လုပ်ရပ်တွေ အတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့် မရှိဆိုတာကို ထပ်ပြီး အတည်ပြုလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်း ဗြိတိန်က မြန်မာ စစ်သံမှူးကို နှင်ထုတ်လိုက်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အက် မီလီဘန်းက ပြောကြားပြီး တရားရုံး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပဖို့ တိုက်တွန်းထားပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်က မြန်မာ စစ်တပ်ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ နောက်ကွယ်ကလူတွေ တရားဥပဒေနဲ့ ရင်ဆိုင်ရစေဖို့ တောင်းဆိုထားပါတယ်။
Ref:AA/Guardian

