KNU ဖာပွန်ခရိုင်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းသားတွေ ထိခိုက်သေဆုံးခဲ့

ဘားအံ နိုဝင်ဘာ ၂၀

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ မှာ အာဏာသိမ်းစစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကျောင်းသူကျောင်းသားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်ပြည်တွင်းနေရပ်စွန့်ခွာသူများကော်မတီ CIDKP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU မူတြော် (ဖာပွန်) ခရိုင် တပ်မဟာ ၅ မှာ နိုဝင်ဘာ ၁၅ ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ စစ်လေယာဉ်ဂျက်ဖိုက်တာဟာ ဘူးသိုမြို့နယ် ဘူအားဒဲအုပ်စု ဘူအားဒဲကျေးရွာကို ဗုံးကြဲမှုကြောင့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူအပါအဝင် စုစုပေါင်း ကျောင်းသူ ၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ဘူအားဒဲအုပ်စု လောဖလသေကျေးရွာမှာလည်း တစ်ရက်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် ကျောင်းသားအပါအဝင် စုစုပေါင်း ကျောင်းသူကျောင်းသား ၇ ဦး ထိခိုက်သေဆုံးခဲ့တဲ့အပြင် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ CIDKP က ဆိုထားပါတယ်။

အတည်ပြုလို့မရသေးတဲ့ တခြားသော ထိခိုက်သေဆုံးပျက်စီးမှုတွေလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလထဲမှာ KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအပါအ၀င် မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ စတဲ့ နယ်မြေတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိကာ နေအိမ်တွေ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ KNLA ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဖာပွန်ခရိုင်မှာ စစ်တပ်ရဲ့ နေ့စဉ် လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေဟာ ရွာတွေထဲမှာ နေထိုင်လို့မရဲကြတော့ဘဲ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ အန္တရာယ်တွေကြားမှာ သတိကြီးစွာ နေထိုင်ရလျက်ရှိနေတယ်လို့ CIDKP က ပြောဆိုထားပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ ကရင်အမျိုးသားအစည်းအရုံး KNU ခရိုင် ၇ ခုမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေဟာ ၉ သိန်း ၄ သောင်းကျော်ရှိပြီး ဖာပွန်ခရိုင်မှာတော့ စစ်ဘေးရှောင်ဦးရေဟာ ဩဂုတ်လက (၇၅၆၁၈)ဦးသာ ရှိခဲ့ပေမယ့် အောက်တိုဘာလမှာ လူဦးရေ (၈၄၄၅၉) ဦးအထိ တိုးလာခဲ့တယ်လို့ CIDKP ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.