KNLA တပ်စခန်းတွေ အပါအဝင် တပ်စခန်း ၂၈ ခု သိမ်းယူထားတယ်လို့ စစ်တပ်ထုတ်ပြန်

မော်လမြိုင်၊ နိုဝင်ဘာလ ၂၀

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်အစပ်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်စခန်းတွေအပါအဝင် တပ်စခန်း ၂၈ ခုအထိ သိမ်းယူထားတယ်လို့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်လာပါတယ်။

တပ်စခန်း ၂၈ ခုထဲ ၁၁ ခုကတော့ ရွှေကျင်မြို့နယ်ထဲက တပ်စခန်းတွေဖြစ်ပြီး ကကျန်တဲ့ စခန်း ၁၇ ခုက‌တော့ သိမ်ဇရပ်မြို့နယ်က တပ်စခန်းတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ* NUG ရဲ့ အထူးတိုင်းစစ်ဌာနတစ်ခုကိုလည်း သိမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

နိုဝင်ဘာ ၃ ရက်ကနေ ၁၉ ရက်အထိ သီတင်းပတ် ၂ ပတ်ကျော်အတွင်း စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ စခန်းနေရာတွေက စစ်ရေးအခြေအနေအရ ယာယီဆုတ်ပေးထားတာတွေလည်းရှိနေပြီး အထိုင်စခန်းဆိုတာထက် ယာယီစခန်းငယ်တွေများတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရန်သူအင်အားများလို့ ဆုတ်လိုက်ရတဲ့ စခန်းတွေရှိပေမယ့် စစ်ရေးအရ လူအထိအခိုက်နည်းအောင် လုပ်ရတာမျိုးဖြစ်ကြောင်းနဲ့ မြေပြင်မှာ ဘယ်သူအထိနာနေလဲဆိုတာ အချိန်တန်ရင် သိရမှာဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ကတော့ နိုဝင်ဘာလထဲ ပဲခူးနဲ့ မွန်ဒေသမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း တော်လှန်‌ရေးတပ်တွေဘက်က ခေါင်းဆောင် ၂ ဦးအပါအဝင် ရုပ်အလောင်း ၇ လောင်းနဲ့ လက်နက် ၃၇ လက်အပြင် စစ်အသုံးအဆောင်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးမှု အခြေအနေနဲ့ပတ်သက်ပြီး မြေပြင်သတင်းရင်းမြစ်ကတော့ ကျဆုံးထားတဲ့ ရဲဘော် တချို့ရှိပြီး တိုက်ပွဲအတွင်း ကျဆုံးတာထက် အလစ်အငိုက် ဖမ်းဆီးခံရပြီးမှ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့အထိ စစ်တပ်စစ်ကြောင်းဟာ နတ်စင်၊ ကျောက်ဖျာနဲ့ခမောက်ခွေရွာတကြောမှာ ရှိနေသေးသလို ဇီးပြောင်း ၅ ရွာမှာ တော့ ဗျူဟာမှူးအဆင့်ရှိသူ အထိုင်ချထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.