သရက်ချောင်းမှာ စစ်ကြောင်းက ဒေသခံလေးဦးကို ဖမ်းဆီးသတ်ဖြတ်သွား

သရက်ချောင်း၊ နိုဝင်ဘာ ၂၀

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်း စစ်တပ်ဟာ ဒေသခံပြည်သူ လေးဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ ဝင်းကဖော်ကျေးရွာနေ အသက် ၃၆ နှစ်အရွယ် မတိုးတိုး၊ ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကိုစိုးနိုင်၊ ချောင်းကြီးရွာသား ကိုစုဖြိုး၊ ကျောက်အိုင်ရွာက ကိုနေရဲဦးတို့ ဖြစ်ပါတယ်။

သူတို့ လေးဦးဟာ နိုဝင်ဘာ ၁၅ ရက်နေ့က တောင်ပျောက်တိုက်နယ်အတွင်း အင်အား ၂၀၀ ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား သုံးဦးရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၁၇ ရက်နေ့က ကျေးရွာအနီးမှာ ပြန်လည်တွေ့ရှိခဲ့ပြီး အမျိုးသမီးရဲ့ ရုပ်အလောင်းကိုတော့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အမျိုးသမီးဟာ မုဒိန်းကျင့်ပြီးမှ သတ်ဖြတ်ထားတဲ့ လက္ခာတွေ့ရပြီး အမျိုးသား သုံးဦးကတော့ ရိုက်နက်နှိပ်စက်ပြီးမှ သတ်ဖြတ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၇ ရက်နေ့မှာ တောင်ပျောက်တိုက်နယ်ထဲကို ပြန်ထွက်သွားတာကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံတချို့ဟာ ကျေးရွာထဲကို ပြန်ဝင်လာပြီး ပျောက်ဆုံးသူတွေကို လိုက်လံရှာဖွေတာတွေ လုပ်ဆောင်နေပါတယ်။

တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းဝင်လာချိန် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေနဲ့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး လမ်းတလျှောက်မှာ တွေ့ရှိတဲ့ ဒေသခံ ၁၀ ဦးကျော်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.