ရေးချောင်းဖျားဒေသမှာ စစ်တပ် လေကြောင်းကင်းထောက်မှု ဆက်လုပ်နေ

ရေး၊ နိုဝင်ဘာ ၂၀

အာာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား အများအပြား ထိခိုက်သေဆုံးခဲ့တဲ့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ရေးချောင်းဖျားဒေသမှာ လေကြောင်းကင်းထောက်မှု ဆက်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ရေးချောင်းဖျားဒေသကို နိုဝင်ဘာ ၁၇ ရက်နေ့ကစလို့ လေကြောင်းကနေ ကင်းထောက်မှုတွေ ထပ်မံလုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ကျေးရွာတွေထဲ မနေရဲတော့ဘဲ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေရပါတယ်။

လေကြောင်းကင်းထောက်မှုကြောင့် ဒေသခံပြည်သူတွေဟာ မိသားစု စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ဖို့ပင် အသက်န္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပြီး ရွာခံအများစု ရွာမှာ မနေရဲတော့ဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ ရေးချောင်းဖျားဒေသက ဖလံချောင်းဝကျေးရွာနဲ့ ချဲတိုက်ကျေးရွာတို့ကို လေကြောင်းကနေ ဗုံးအလုံး ၂၀ ထက်မနည်း ကြဲချခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကာ ဆေးပေးခန်း ၂ ခန်းနဲ့ နေအိမ်အလုံး ၂၀ ထက်မနည်း ပျက်စီးခဲ့တယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ထုတ်ပြန်ထားပါတယ်။

ရေးချောင်းဖျားဒေသမှာ အာဏာသိမ်း စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ အများအပြား ထိခိုက်သေဆုံးမှုအပေါ် မွန်အမတ်တချို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇ ရက်နေ့က ပြည်ထောင်စု လွှတ်တော် နာယက ဦးအောင်လင်းဒွေးထံ သွားရောက်အကူအညီ တောင်းခံထားပါတယ်။

NRFF ကတော့ စစ်တပ်က အပစ်အခတ်ရပ်စဲရေးစာချုပ်အား ချိုးဖောက်ကာ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်တာ၊ လူထုအား အနိုင်ကျင့်စော်ကားမှုတွေအပေါ် ငြိမ်ခံနေတာဟာ မွန်ပြည်သစ်ပါတီသာမက မွန်တော်လှန်ရေးရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေရာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် မွန်ပြည်သစ်ပါတီအနေနဲ့ စစ်အုပ်စုကို အရေးယူတုံ့ပြန်မှုတွေ မဖြစ်မနေ ပြသဖို့ လိုအပ်ပြီး လေးစားမှု မရှိတဲ့ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲတာ၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို အလေးအနက်ထား စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လို့ NRFF က တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ချဲတိုက်၊ ဖလံ၊ ကင်ပွန်း၊ နယ်ပြား၊ မဏိပူရကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် ကျန်းမာရေအကူအညီတွေ လိုအပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.