မြန်မာ့ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမယ်

နေပြည်တော် ၊ နိုဝင်ဘာ ၂၀

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ လာမယ့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းသွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာ ၁၈ ရက်က ပြည်‌ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုလာပါတယ်။

လာမယ့်နှစ် ပြည်ထောင်စုနေ့ဝန်းကျင်မှာလည်း ငြိမ်းချမ်းရေးညီလာခံတစ်ရပ် ကျင်းပနိုင်ဖို့ စီစဉ်ထားပြီး အဲဒီလုပ်ငန်းစဉ်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ကို တာဝန်ပေးထားပြီးဖြစ်တယ်လို့ အသိပေးထားတာပါ။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေက မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးချိန်က စတင်ဖြစ်ပွားလာခဲ့တဲ့ ပြဿာနာတွေဖြစ်ပြီး အဲဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ဆိုတယ်။

ဒါဟာ စစ်အစိုးရရဲ့ တရားဝင်မှု ကျယ်ပြန့်ရေး၊ စစ်တပ်အခြေပြု အုပ်ချုပ်ရေးအာဏာ အမြစ်ခိုင်ရေးနဲ့ ပြည်တွင်းတည်ငြိမ်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ ထိန်းချုပ်ထားနိုင်ဖို့ ရည်ရွယ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ဝေဖန်ထောက်ပြပါတယ်။

စစ်ကောင်စီလက်ထက်ကနေ လက်ရှိ စစ်အစိုးရအဖြစ် ဖွဲ့စည်းပြီးနောက်ပိုင်း ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ စစ်တပ်နဲ့ တိုက်ပွဲမဖြစ်တဲ့ အဖွဲ့တွေ အပါအဝင် ပလဲနံသင့်တဲ့ အဖွဲ့တွေ အများစုနဲ့သာ တွေ့ဆုံညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ နေပြည်တော်ခရီးစဉ်အပြီး တော်လှန်ရေးမှာပါဝင်နေတဲ့ KNU နဲ့ KNPP တို့ကို စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ထိုင်းနိုင်ငံက ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိတဲ့အပေါ် SCEF မူအတိုင်း သွားမယ်လို့ KNU နဲ့ KNPP တို့က တုံ့ပြန်ထားကြတာပါ။

ဖက်ဒရယ်ဦးဆောင်ကောင်စီ SCEF အနေနဲ့ကလည်း မူတစ်ခု ဗျူဟာတစ်ခုဖြစ်လို့ စစ်တပ်ကို တိုက်ခိုက်တာဖြစ်စေ ညှိနှိုင်းဆွေးနွေးတာဖြစ်စေ တစ်ဖွဲ့ချင်းစီ လုပ်မှာမဟုတ်ဘဲ အတူတကွ လုပ်ဆောင်သွားမယ်လို့ ခေါင်းဆောင်တွေက အသိပေးထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က သမိုင်းတစ်လျှောက်လုံးမှာ စစ်အုပ်စုက အစုအဖွဲ့တွေနဲ့ လက်ခံဆွေးနွေးတာ မရှိဘဲ ကွက်ပြီးတော့သာ လုပ်လာတာမို့ ငြိမ်းချမ်းရေးဟာ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“SCEF ကတော့ သူက အဲဒီလို စုပေါင်းခုခံမှ ရမှာလေ။ သူ့ မူကို လျှော့ပေးတာတဲ့ တစ်ပြိုင်နက် လုံးဝ အင်အားရှိတာမှ မဟုတ်တာလေ။ ဒီကလည်း (စစ်အုပ်စု) အဲဒီလို အစုအဖွဲ့ကြီးနဲ့ စုပြီးတော့ ဘယ်တုန်းကမှ လက်ခံဆွေးနွေးတာ သမိုင်းတစ်လျှောက်လုံး (မရှိခဲ့ဘူး) အဲဒီလိုပေါ့ ဟိုအဖွဲ့နဲ့ ကွက်စုရင်း ဒီအဖွဲ့နဲ့ ကွက်စုပြီး အဲဒီလိုပဲ တစ်သက်လုံး လုပ်လာတာလေ။ ဆိုတော့ အဲဒီဟာက (SCEF နဲ့ စစ်အုပ်စုတို့ ဆွေးနွေးဖို့) ဘယ်လိုမှ ဖြစ်မှာ မဟုတ်ဘူး။ သူ (မင်းအောင်လှိုင်) ပြောချင်တဲ့ ငြိမ်းချမ်းရေးဆိုတာလည်း ဖြစ်မှာ မဟုတ်ဘူး”လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေအပါအဝင် တိုင်းရင်းသားမဟာမိတ်တွေနဲ့ စုပေါင်းခေါင်းဆောင်မှုအသွင် စုဖွဲ့ထားတဲ့ SCEF ကနေ ထပ်မံအတည်ပြုထားတဲ့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ဟာ စစ်အစိုးရ ချမှတ်ထားတဲ့ ဖွဲ့စည်းပုံမူဘောင်အောက်က ငြိမ်းချမ်းရေးမူဝါဒနဲ့ သွေဖယ်နေတာပါ။

အထူးသဖြင့် စစ်အာဏာသိမ်းမှုကို အပြီးတိုင်ဖယ်ရှားပြီး စစ်တပ်နိုင်ငံရေးကနေ ပါဝင်မှုကို အဆုံးသတ်ဖို့ဆိုတဲ့ အဓိကအချက်တွေဟာ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ပြင်ဆင်ဖြည့်စွက်ဖို့ ကြိုးပမ်းနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းဖို့ ဖြစ်ပါတယ်။

ကိုယ်တိုင်ခန့် သမ္မတကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးရယူပြီးတဲ့အခါ နိုင်ငံရေးလုပ်လိုရင် ပါတီတည်ထောင်ဖို့နဲ့ စီးပွားရေးလုပ်လိုရင်လည်း လုပ်လို့ရတဲ့အပြင် နယ်ခြားစောင့်တပ်တွေအဖြစ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ပြောကြားထားတာပါ။

ဒီလိုမျိုး မူတွေ မတူညီတဲ့အပေါ် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေတည်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်အစိုးရက ဖယ်ကျဉ်ထားသလို တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အာရက္ခတပ်တော် AA ကိုလည်း အလားတူ ဖယ်ကျဉ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းမှာ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးကနေ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လျှောက်လှမ်းနိုင်ဖို့ ဝေးကွာနေဆဲ အခြေအနေမှာပဲ ရှိသေးတယ်လို့ ထောက်ပြကြပါတယ်။

တစ်ဘက်မှာ စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ အာဏာသိမ်းမှုအတွင်း ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ သ‌ဘောတူထားတဲ့ ၄၃ ချက်ကလည်း စစ်အာဏာတည်မြဲရေးကိုသာ ပိုမိုဦးတည်စေမယ်လို့ သုံးသပ်တာတွေလည်း ရှိနေတာပါ။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရမှာဖြစ်လို့ ဒီအတိုင်းသွားမယ်ဆိုရင် စစ်ပွဲတွေ ဆက်ရှိနေမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုအတိုင်းသွားနေရင်တော့ မင်းအောင်လှိုင်မကဘူး ဘယ်သူပဲ တက်တက်ပေါ့နော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံမယ် မှီငြမ်းမယ် ဒီစစ်တပ်က နိုင်ငံရေးဇာတ်ခုံအသီးသီးမှာ ရှိနေမယ်ဆိုရင် ပြည်နယ်တွေကို ဘယ်လောက်ပဲ (အာဏာ) ခွဲပေး ခွဲပေး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဘယ်လောက်ပဲ ပေးပေး ဘယ်တော့မှ နိုင်ငံရေးကိစ္စကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘဲနဲ့ အခုလိုမျိုးပဲ စစ်ပွဲတွေက ဆက်ရှိနေမှာ ဖြစ်တာပေါ့နော်”လို့ ဆိုပါတယ်။

ဒါ့အပြင် လူထုတစ်ရပ်လုံးရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ နိုင်ငံရေး တည်ငြိမ်မှုရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ စစ်တပ်က စစ်တန်းလျားကို ပြန်ပြီး အရပ်သားအစိုးရရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရှိရမယ်လို့ သူက ဆက်ပြောပါတယ်။

ဒီအတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ အားလုံး ရပ်တန့်ရမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးရမှာ ဖြစ်သလို အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ပုံဖော်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကာ လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ခွင့်ပြုပေးရမယ်လို့ ဦးဗညားက ထောက်ပြထားတာပါ။

ဒါပေမယ့် စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဟာ အကြံပေးအဖွဲ့ ဖွဲ့စည်းတာအပါအဝင် ငြိမ်းချမ်းရေးမှာ ပြည်သူတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေ ပိုမိုပါဝင်လာအောင် နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကနေတဆင့် စည်းရုံးလှုံ့‌ဆော်တဲ့ လုပ်ငန်းစဉ်ထက် မပိုပါဘူး။

တစ်ဘက်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စတဲ့ အများပြည်သူဆိုင်ရာအဆောက်အအုံတွေ ပျက်စီးဆုံးရှံးနေရသလို နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေကလည်း ဆက်ရှိနေတာပါ။

ဒါဟာ ငြိမ်းချမ်းရေးရဖို့အတွက် စစ်တပ်က စစ်ဆင်ရေးအရ ဗုံးကြဲနေတဲ့ သဘောလို့ စစ်အစိုးရခန့် ကာကွယ်ရေးဝန်ကြီး ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထုတ်ပြောခဲ့ပါတယ်။

နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရာမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်နစ်နာမှုမရှိစေရေးကို အလေးထားဖို့ လိုတယ်လို့ ဦးမင်းအောင်လှိုင်က ပြောနေပေမယ့် တကယ်တမ်း ကျူးလွန်သူက သူတို့ စစ်တပ် ကိုယ်တိုင် ဖြစ်နေတာကို သက်သေပြနေတာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း NCA ထိုးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ဖလံကျေးရွာနဲ့ ချဲတိုက်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့မှုကြောင့် အရပ်သား လေဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးလှုပ်ရှားမှုမရှိတဲ့ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေအတွင်း ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတာဖြစ်လို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က ဆိုပါတယ်။

ဒီလိုမျိုး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ဖျက်ဆီးတာနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ဖိအားပေးပြီး စစ်အုပ်စုချမှတ်ထားတဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် ရောက်ရှိလာဖို့ ကြိုးပမ်းနေတာလို့ ထောက်ပြထားတာပါ။

ဒါပေမယ့် ပြည်သူတွေကို သတ်ဖြတ်တာ ကျေးရွာတွေကို ဗုံးကြဲဖျက်ဆီးတာ စတဲ့ အကြမ်းဖက်မှုတွေနဲ့ ဘယ်တော့အခါမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက နိုဝင်ဘာ ၁၉ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.