ကျိုက်ထီးရိုးဒေသက ဆောင်နိုင်ကြီးရွာ လေကြောင်းဗုံးကြဲခံရ

epa03591031 A military soldier stands guard opposite a heliport, near the site of Kyite Htee Yoe Pagoda, in Mon State, Myanmar, 19 February 2013. Kyite Htee Yoe is a famous pilgrimage site for Buddhists among Asian countries. In Mon language, 'Kyite Htee Yoe' means 'Stone with the shape of the head of Hermit'. EPA/LYNN BO BO

ကျိုက်ထို၊ နိုဝင်ဘာ ၁၉

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးဒေသရှိ ဆောင်နိုင်ကြီးကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ တောင်ငူလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်ရေး လေယာဉ် တစ်စီးဟာ ဆောင်နိုင်ကြီးကျေးရွာကို လေကြောင်းကနေ ဗုံး နှစ်လုံး ကြဲချသွားပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၂၀ ကျော်အရွယ် လူငယ် တစ်ဦးနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ငါးလုံး ပျက်စီးခဲ့ပါတယ်။

ဆောင်နိုင်ကြီးကျေးရွာကို အာဏာသိမ်း စစ်တပ် စစ်ကြောင်းထိုးမယ့် သတင်းကြောင့် ဒေသခံအများအပြား တိမ်းရှောင်သွားတဲ့အတွက် လေကြောင်းဗုံးကြဲမှုအတွင်း ထိခိုက်မှု နည်းခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်နိုင်ကြီးကျေးရွာကို လေကြောင်းဗုံးကြဲမှုကြောင်း ကျိုက်ထိုအခြေစိုက် အမှတ် ၆၀၆ ဒုံးတပ်ရင်းကနေ အသေခံ ဒရုန်းတစ်စီး ထပ်မံတိုက်ခိုက်ခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့ကစလို့ ကျိုက်ထိုမြို့နယ်မှာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နိုဝင်ဘာ ၁၈ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံ ၁၅၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.