ပလက်ဝ၊ နိုဝင်ဘာ ၁၉
ရခိုင်ပြည်နယ်ရှိ မြို့ခြောက်မြို့မှာ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ကလေးငယ် အပါအဝင် အရပ်သားပြည်သူ ၂၆ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။
အခုလနိုဝင်ဘာလ တတိယပတ်အတွင်း အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်ရှိ ကျောက်ဖြူ၊ သံတွဲ၊ ကျော်တော်၊ ပလက်ဝ၊ စနဲနဲ့ ပုဏ္ဏာကျွန်းမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့က ပလက်ဝမြို့နယ် သူဌေးကုန်းကျေးရွာအနီးကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ငါးစီးနဲ့ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်နေတဲ့ အသက် ၃ နှစ်အရွယ်ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်ရှိ အရင်က စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးပတ်ဝန်းကျင်ကို တိုက်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားပြည်သူ ၃ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း သံတွဲမြို့နယ် အမှတ် ၁ ရပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ပုဏ္ဏာကျွန်းမြို့နယ် ယိုးငူနဲ့ သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၁၂ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေကို မရပ်မနား ကျူးလွန်နေတယ်လို့ အာရက္ခတပ်တော် AA အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

