ဘာလင် ၊ နိုဝင်ဘာ ၂၀
တရုတ်နိုင်ငံမှာ ထရန့် ၊ ရှီနဲ့ ပူတင်တို့ မကြုံစဖူး သုံးပွင့်ဆိုင် တွေ့ဆုံပြီးနောက် မကြာခင် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ယူကရိန်းရဲ့ မဟာမိတ်တွေဟာ နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံခဲ့ကြပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ကူညီဖို့ ဆန္ဒရှိတဲ့ နိုင်ငံများ ညွှန့်ပေါင်း အဖွဲ့ ထိပ်သီး ဆွေးနွေးပွဲကို ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့က ပူးတွဲ လက်ခံ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ယူကရိန်းအတွက် စစ်မက်ကာလ ကူညီထောက်ပံ့မှု ခိုင်မာဖို့ လိုအပ်ပြီး အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဥရောပ ပါဝင်မှု အခန်းကဏ္ဍအတွက် တွန်းအားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သံတမန်ရေး လမ်းကြောင်းတွေကတဆင့် ဥရောပ ခေါင်းဆောင်တွေကို မော်စကိုသို့ ဖိတ်ခေါ်ထားတယ်လို့ နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဥရောပနဲ့ ယူကရိန်းကြား စစ်ရေး ဆက်ဆံမှု အားလုံးကို ပယ်ချပြီး အဓိက တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ သူက အခိုင်အမာ ပြောထားပါတယ်။
ပဉ္စမမြောက်နှစ်ထဲကို ဝင်ရောက်လာပြီ ဖြစ်တဲ့ ယူကရိန်း စစ်ပွဲအတွင်း ယူကရိန်းကို ကူညီနိုင်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ အီးယူ၊ နေတိုး အကြီးအကဲတွေနဲ့ အမေရိကန် ကိုယ်စားလှယ်တို့နဲ့အတူ ဘာလင်မှာ ခေါင်းဆောင် ၂၅ ဦးကျော်တို့ဆုံခဲ့ကြပါတယ်။
ယူကရိန်း စစ်ပွဲဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ဖြစ်ပွားတဲ့ အဆိုးရွားဆုံး စစ်ပွဲ ဖြစ်ပါတယ်။
ရုရှားရဲ့ shaheds ဒရုန်းတွေ ဒုံးကျည်တွေကို တားဆီးနိုင်ရေး စွမ်းအင်ကဏ္ဍနဲ့ အခြေခံ အဆောက်အဦတွေကို ကာကွယ်ရေး သံတမန်ရေး ကြိုးပမ်းမှုတို့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မားဇ်၊ ပြင်သစ် သမ္မတ အမ်မန်နျူရယ် မက်ကရွမ်၊ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်တို့နဲ့ ဆွေးနွေးပြီးနောက် ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းအတွက် အကူအညီတွေ ထပ်မံ ရရှိမှာ ဖြစ်ပြီး ကူညီ ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း ဇီလန်စကီးက လူမှုမီဒီယာမှာ ရေးပါတယ်။
အမေရိကန်၊ ရုရှားနဲ့ ယူကရိန်းတို့ အဓိက ပြုလုပ်နေတဲ့ ညှိနှိုင်းမှုတွေမှာ ဥရောပ ပါဝင်ရေး အမေရိကန်နဲ့ ယူကရိန်းတို့ သဘောတူထားတဲ့ အချက်ကို နေတိုး အဖွဲ့ အကြီးအကဲ မက်ခ် ရူသီက ကြိုဆိုပါတယ်။
မကြာသေးခင်က အဘူဒါဘီမှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွင်း ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ဆွေးနွေးမှုတွေမှာ ဥရောပ ကိုယ်စားလှယ်တွေလည်း ပါဝင်သင့်တယ်လို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းကို ဆက်လက် အားကောင်းနေစေရေး မိမိတို့ လက်နက်တွေနဲ့ တခြား အထောက်အပံ့တွေ ပေးသွားမှာ ဖြစ်ကြောင်း ရူသီက ပြောပါတယ်။
တရုတ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပူတင်က ဆွေးနွေးမှုတွေမှာ ဥရောပ ပါဝင်ရေး သဘောတူပေးဖို့ အမေရိကန်က မိမိတို့ကို တိုက်တွန်းနေတယ်လို့ ပြောပါတယ်။
သံတမန်ရေး လမ်းကြောင်းတွေကတဆင့် ဥရောပ ကိုယ်စားလှယ်တွေ မော်စကိုသို့ လာရောက်ကြဖို့ မိမိတို့ အကြံပြုထားကြောင်းလည်း သူက ပြောကြား ပါတယ်။
ဥရောပ လုံခြုံရေးနဲ့ ဆက်စပ်တဲ့ ကိစ္စတွေကို ဆွေးနွေးရာမှာ ဥရောပနိုင်ငံတွေ မပါဝင်တာ အဓိပ္ပါယ် မရှိဘူးဆိုတာ ရုရှားက နားလည်ကြောင်း ပူတင်က ပြောပါတယ်။
ဒါပေမဲ့ ယူကရိန်းနဲ့ ဥရောပကြား ကာကွယ်ရေး ဆက်ဆံရေး ထားရှိမှာကို ဘယ်လိုမျိုး ဖြစ်ဖြစ် မော်စကိုက လက်မခံနိုင်ဘူးလို့ သူက ပြောပါတယ်။
အမေရိကန်ရဲ့ အကူအညီတွေကို ထရန့်က လျှော့ချလိုက်ပြီးနောက်ပိုင်း ယူကရိန်းကို ဂျာမနီက စစ်ရေး အကူအညီ အများဆုံး ပေးနေတာ ဖြစ်ပါတယ်။
ရန်လိုတဲ့ ရုရှား တိုက်ခိုက်မှုတွေကို တားဆီးရေး ယူကရိန်းက ကိုယ်ပိုင် စစ်အင်အားကိုလည်း အလျင်အမြန် ပြန်လည် တည်ဆောက်ခဲ့ပါတယ်။
လာမယ့်နှစ် အတွက် ရန်ပုံငွေ ထောက်ပံ့ရေး ယူရို ၇၀ ဘီလီယံ ပြည့်ဖို့ လိုအပ်ချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းကို အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံ စလုံးက ကူညီပေးမှာ ဖြစ်ကြောင်း ဂျာမနီ အဓိပဓိက ပြောပါတယ်။
ဘဏ္ဍာရေး ကွာဟချက်ကို ဖြည့်ဆည်းနိုင်ရေး ယူကရိန်းကို ယူရို ၄၅ ဘီလီယံ ထပ်ပြီး ချေးပေးဖို့ အီးယူက အဖွဲ့ဝင်တွေကို အဆိုပြုထားပါတယ်။
ယူကရိန်းရဲ့ စွမ်းအင်နဲ့ ပို့ဆောင်ရေး အခြေခံ အဆောက်အဦတွေကို ရုရှားက အရှိန်မြှင့် တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယူကရိန်းမှာ အမေရိကန် နိုင်ငံထုတ် Patriot ဒုံးဖျက်ဒုံးတွေ ပြတ်လပ်နေချိန်မှာ ဂျာမနီ ဆွေးနွေးပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
Ref:AFP

