မလေးရှားနဲ့ စင်ကာပူသို့ ရထားလမ်း ချိတ်ဆက်ရေး ထိုင်းနဲ့ တရုတ် တိုက်တွန်း

ရှန်ကျန်း၊ နိုဝင်ဘာ ၂၀

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်နဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့က တရုတ်၊ လာအိုနဲ့ ထိုင်းကို မလေးရှား၊ စင်ကာပူတို့နဲ့ ရထားလမ်း ချိတ်ဆက်ရေး ဖော်ဆောင်မှု အရှိန်မြှင့်တင်ဖို့ သဘောတူလိုက်ပါတယ်။

ဒါက ဒေသဆိုင်ရာ ပို့ဆောင်ရေး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

၃၃ ကြိမ်မြောက် အေပက်အဖွဲ့ စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေး အပြီး နိုဝင်ဘာ ၂၀ ရက်က ခေါင်းဆောင်နှစ်ဦးကြား ဆွေးနွေးမှုအတွင်း အခုလိုမျိုးသဘောတူညီခဲ့တာ ဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ အီကာပေါ့ ပီယန်ပီဆက်က ပြောပါတယ်။

အဲဒီ ဆွေးနွေးမှုတွေက ထိုင်း-တရုတ် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရေး၊ ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်းကို တရားဝင် ခရီး လာရောက်ခဲ့တဲ့ တရုတ် ဝန်ကြီးချုပ် လီကီကျန်းနဲ့ ဆွေးနွေးမှုတွေအတိုင်း ဆက်လက် ဆောင်ရွက်ရေး ရည်ရွယ်တာ ဖြစ်ပါတယ်။

တရုတ်ကနေ ရထားလမ်းကို လာအိုနဲ့ ထိုင်းကတဆင့် မလေးရှားနဲ့ စင်ကာပူအထိ ချိတ်ဆက်မှုတွေ ဖော်ဆောင်ရေး အရှိန်မြှင့်ဆောင်ရွက်ဖို့ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။

အဓိက စီမံကိန်းတွေမှာ ဒုတိယမြောက် နောင်ခိုင်-ဗီယက်ကျန်း ရထားလမ်း တံတားနဲ့ ချိုင်း ခွန်- နတ်တီယု- မိုဟန် ရထားလမ်းကြောင်းတို့ ပါဝင်မှာ ဖြစ်ပါတယ်။

အဲဒီ ရထားလမ်းကြောင်းကို နယ်စပ် ဖြတ်ကျော် ပို့ဆောင်ရေး ချိတ်ဆက်တွေ အားကောင်းလာစေဖို့ ဒေသဆိုင်ရာ ဆက်သွယ်မှု အားကောင်းလာစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ထိုင်းမှာ အထူးသဖြင့် ဒီဂျစ်တယ် နည်းပညာ၊ သန့်ရှင်းတဲ့ စွမ်းအင်၊ အာကာသ နည်းပညာနဲ့ လျှပ်စစ်ကား ကဏ္ဍတွေမှာ တရုတ်ရဲ့ အရည်အသွေးမြင့် ရင်းနှီးမြှုပ်နှံမှုတွေကို နှစ်နိုင်ငံစလုံးက ထောက်ခံမှုနဲ့အတူ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးလည်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခဲ့ကြပါတယ်။

ပိုပြီး ညီမျှမှုရှိတဲ့ ကုန်သွယ်ရေးကို အားပေးဖို့ သူတို့ သဘောတူခဲ့ကြပြီး ထိုင်းထုတ်ကုန်တွေ ဝယ်ယူခွင့် ပိုများလာစေမယ့် မှတ်ပုံတင်စနစ်ကို တိုးချဲ့ဖို့ ထိုင်းဆန် တန်ချိန် ၅ သိန်း တရုတ်က ဝယ်ယူရေး အစီအစဉ်တွေ ရှေ့တိုးဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။

နယ်စပ် ဖြတ်ကျော် မြစ်ရေ ရေထု ညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ်က ကတိပြုခဲ့ပါတယ်။

မြန်မာ နယ်စပ်မှာ လုပ်ကိုင်နေတဲ့ တရုတ် မိုင်းတွင်းတွေကြောင့် နယ်စပ် တစ်ဖက်ရှိ ထိုင်း မြစ်ရေတွေ ညစ်ညမ်းမှု ဖြစ်ပေါ်နေပါတယ်။

တရုတ်အနေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို မထောက်ခံဘူးလို့ သမ္မတ ရှီက ပြောကြားပြီး မြစ်ရေတွေမှာ အဆိပ်အတောက် ပါဝင်နေမှုကို ဖြေရှင်းရာမှာ ထိုင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ဖော်ပြထားပါတယ်။

Ref:KhaosodEnglish

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.