ဂျီနီဗာ ၊ စက်တင်ဘာ ၃
ပြည်ပ လက်နက်တွေ၊ စစ်ရေးနည်းပညာ၊ တိုက်ခိုက်ရေးသမားတွေနဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေက ဆူဒန် စစ်ပွဲကို အားဖြည့်ဖို့ အထောက်အကူ ပြုနေတယ်လို့ ကုလသမဂ္ဂ အချက်အမှန် ရှာဖွေရေး အဖွဲ့ရဲ့ စက်တင်ဘာ ၃ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဲဒီလို လောင်စာ ဖြည့်တင်းပေးမှုတွေကြောင့် စစ်ခင်းနေတဲ့ အဖွဲ့တွေဟာ အရပ်သားတွေ နေထိုင်ရာ ဒေသတွေအတွင်း နက်နက်ထဲအထိ တိုက်ခိုက်နိုင်စွမ်း ပိုများလာပြီး တိုက်ခိုက်မှု တချို့ဟာ စစ်ရာဇဝတ်မှု မြောက်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အရပ်ဖက် အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမယ့် အစီအစဉ် မတိုင်ခင် ဆူဒန် စစ်တပ်နဲ့ RSF လို့ ခေါ်တဲ့ လက်နက်ကိုင်အဖွဲ့တို့ကြား အာဏာလွန်ဆွဲပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလမှာ ဆူဒန် စစ်ပွဲ စတင်လာခဲ့တာ ဖြစ်ပါတယ်။
ပဋိပက္ခကြောင့် နိုင်ငံ ထိခိုက်ပျက်စီးနေပြီး လူပေါင်း ၁၄ သန်းကျော် စစ်ဘေးရှောင်နေရပါတယ်။
ဆူဒန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ကမ္ဘာမှာ အဆိုးရွားဆုံး လူသားချင်း စာနာထောက်ထားရေး ပြဿနာတွေထဲက တစ်ခု ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
ယူအေအီး၊ ချဒ်၊ လစ်ဗျားနဲ့ ဆိုမာလီယာတို့က လူတွေနဲ့ အဖွဲ့အစည်းတွေက RSF အဖွဲ့ကို လက်နက်တွေ၊ စစ်ရေး ကိရိယာတွေ၊ ထောက်ပံ့ပို့ဆောင်ရေး၊ လေ့ကျင့် သင်ကြားပေးရေးနဲ့ နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေကို ထောက်ပံ့ပေးနေတယ်လို့ ယုံကြည်ရတဲ့ အထောက်အထားတွေ ရှိတယ်လို့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောပါတယ်။
ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ ယူအေအီး၊ ချဒ်၊ လစ်ဗျား၊ ဆိုမာလီယာ၊ RSF အဖွဲ့နဲ့ ဆူဒန် စစ်တပ်တို့က မှတ်ချက် မပေးသေးပါဘူး။
RSF ကို စစ်ရေးအရ ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ္ဍာရေးနဲ့ နိုင်ငံရေး အကူအညီ ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယူအေအီးက အရင်က ပယ်ချထားပါတယ်။
ချဒ်ကလည်း သူတို့အနေနဲ့ ကြားနေနေပြီး သူတို့ နယ်မြေကို ဖြတ်သန်းပြီးတော့ လက်နက်တွေ ပို့ဆောင် နေတယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
ဒရုန်း စနစ်တွေနဲ့ RSF အသုံးပြုနေတဲ့ တခြား အဆင့်မြင့် လက်နက် စနစ်တွေ ကိုင်တွယ်ရာမှာ ပြုပြင်ထိန်းရာမှာ ကိုလမ်ဘီယာ လုပ်ငန်းတွေ သိသာတဲ့ အခန်း ကဏ္ဍက ပါဝင်နေတယ်ဆိုတဲ့ အထောက်အထား ရရှိထားကြောင်း ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောပါတယ်။
ပြည်ပ ပဋိပက္ခတွေအတွင်း ကိုလမ်ဘီယာ နိုင်ငံသားတွေ ပါဝင်နေမှုကို ဖြေရှင်းရေး ကြိုးပမ်းနေပြီး မိမိတို့အနေနဲ့ ကြေးစားစစ်သားအဖြစ် လုပ်ကိုင်မှုကို ဆန့်ကျင်ကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောထားပါတယ်။
RSF က အဲဒီ မြို့ကို ထိန်းချုပ်ထားချိန်မှာ အာရပ်လူမျိုး မဟုတ်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတာဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်နိုင်တယ်လို့ ကုလသဂ္ဂက ဖော်ဖော်ဝါရီက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
နှစ်ဖက်စလုံး ဒရုန်းတွေ အသုံးပြု တိုက်ခိုက်ရာမှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေတွေကို ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:Reuters

