နယူးယောက်၊ စက်တင်ဘာ ၄

အာဖရိကတိုက်ရဲ့ အရွယ်အစားကို ပိုပြီး တိတိကျကျ ဖော်ပြထားတဲ့ ကမ္ဘာ့မြေပုံအသစ် လက်ခံအသုံးပြုရေး အစဉ်အလာအတိုင်း အသုံးပြုနေတဲ့ မာကာတာ မြေပုံ အသုံးပြုမှု တရားဝင် အဆုံးသတ်ရေး ကုလသမဂ္ဂ အထွေထွေ ညီလာခံက စက်တင်ဘာ ၄ ရက်မှာ မဲခွဲဆုံးဖြတ်မှာ ဖြစ်ပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို အာဖရိကသမဂ္ဂ အဖွဲ့ တခြား အဖွဲ့ဝင် ၅၄ နိုင်ငံ အပါအဝင် နိုင်ငံအများက ထောက်ခံပြီး တိုဂိုက ကမကထပြုခဲ့ကြောင်း တိုဂို နိုင်ငံခြားရေး ဝန်ကြီး ရောဘက် ဒူဆေးက ပြောပါတယ်။

အခု ဆွေးနွေးမှုဟာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးမှု မဟုတ်ဘဲ လက်တွေ့ အခြေအနေကို မိမိတို့ အားလုံး လက်ခံရမယ်ဆိုတဲ့ သိပ္ပံပညာဆိုင်ရာ သက်သေ ရှိနေတာကြောင့် သိပ္ပံပညာဆိုင်ရာ ဆွေးနွေးမှု ဖြစ်တယ်လို့ တိုဂို နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေဟာ အတင်းအကြပ် လုပ်ဆောင်ခိုင်းလို့ရတဲ့ ဆုံးဖြတ်ချက်တွေ မဟုတ်ပေမယ့် မဲခွဲဆုံးဖြတ် အတည်ပြုပြီးလို့ရှိရင် စာသင်ကျောင်းတွေရဲ့ သင်ခန်းစာတွေနဲ့ နေ့စဉ် နည်းပညာတွေမှာ အချိန် တပြေးညီ ဖြစ်အောင် လုပ်ဆောင်မှုဆီသို့ ဦးတည်သွားနိုင်ပါတယ်။

မာကာတာ မြေပုံကို ပညာရေး၊ နည်းပညာနဲ့ အုပ်ချုပ်ရေးတို့မှာ လက်ရှိ အချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတာ ဖြစ်ပါတယ်။

လုံးဝိုင်းတဲ့ ကမ္ဘာကြီးရဲ့ ဒေသအားလုံးကို ပြားချပ်တဲ့ ပုံစံနဲ့ ဖော်ပြထားတဲ့ မာကာတာ မြေပုံကို ၁၅၆၉ ခုနှစ်က ဂျီရာဒက်စ် မာကာတာက ရေးဆွဲခဲ့တာ ဖြစ်ပြီး သင်္ဘောသားတွေ ပင်လယ်ပြင်ကို ဖြတ်သန်းရာမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်း ရာစုနှစ် ၅ ခုနီးပါးအထိ မာကာတာ မြေပုံကို ကမ္ဘာလုံးဆိုင်ရာ စံအဖြစ် ဆက်လက် အသုံးပြုခဲ့ကြပါတယ်။

ဒါပေမဲ့ မြေပုံ ရေးဆွဲထားတဲ့ ပုံစံကြောင့် အဲဒီ မြေပုံမှာ အီကွေတာအနီးရှိ ဒေသတွေဟာ သိသိသာသာ သေးငယ်နေပါတယ်။

လတ်တီကျုမြင့်တဲ့ ဒေသတွေကတော့ အများကြီး ပိုကြီးမားနေပုံ ဖော်ပြနေပါတယ်။

ဥပမာ အဲဒီ မြေပုံမှာ အာဖရိကတိုက်ကို ဂရင်းလန်းဒေသ အရွယ်အစားလောက်ပဲ ရေးဆွဲထားတာ ဖြစ်ပေမယ့် အာဖရိကတိုက်ဟာ အဲဒီ ဒိန်းမတ်ပိုင် ဂရင်းလန်းကျွန်းထက် ၁၄ ဆ ပိုမိုကြီးမားတာ ဖြစ်ပါတယ်။

အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မက္ကစီကိုနဲ့ ဥရောပဒေသ အများစုကို အာဖရိကထဲ ထည့်ဆွဲလို့ ရပြီး နေရာလွတ်တွေ ကျန်နေဦးမှာ ဖြစ်တယ်လို့ ထောက်ခံတဲ့ လက်မှတ် ၁၁၀၀၀ ကျော် ရရှိထားတဲ့ #CorrectTheMap အစီအစဉ်အတွက် Change.org ဝက်ဘ်ဆိုက်ပေါ်က တောင်းဆိုမှုမှာ ဖော်ပြထားပါတယ်။

အဲဒီ အစီအစဉ်ကို အာဖရိကသမဂ္ဂက ၂၀၂၅ ခုနှစ် သြဂုတ်လအတွင်း လက်ခံ အတည်ပြုခဲ့ပြီး မြေပုံ အသစ် အသုံးပြုရေး တိုဂို နိုင်ငံကို ဦးဆောင်ခိုင်းခဲ့ပါတယ်။

မာကာတာ မြေပုံဟာ အနောက်တိုင်း သမရိုးကျ ပုံစံမှာ အမြစ်တွယ်နေတာ ဖြစ်တယ်လို့ သမိုင်းပညာရှင်တွေနဲ့ ပထဝီဝင်ပညာရှင်တွေ ပြောကြားလာတာ နှစ်များစွာ ကြာပြီ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားသူတွေကလည်း အဲဒီနည်းအတိုင်းပဲ ပြောဆိုကြပြီး တချို့က ဆိုရင် မြေပုံရေးဆွဲမှု ပညာရဲ့ ကိုလိုနီ ဝါဒဆိုတဲ့ အသုံးအနှုန်းမျိုးကိုတောင် သုံးစွဲ ပြောဆိုခဲ့ကြပါတယ်။

တချို့ကလည်း အဲဒီ မြေပုံဟာ အီကွေတာ ဒေသတွေကို သေးသေးလေး ရေးဆွဲထားပြီး မြောက်ပိုင်းနိုင်ငံတွေကို အကြီးကြီး ရေးဆွဲထားတဲ့အချက်အပေါ် အပြစ်တင် ဝေဖန်နေကြပါတယ်။

အဲဒီ မြေပုံဟာ နိုင်ငံတကာ အင်အား အရှိန်အဟုန်ကို ပုံဖော်ထားသလို ဖြစ်နေတယ်လို့ ပြောပါတယ်။

တိုဂိုရဲ့ မြေပုံအမှန် အသုံးပြုရေး အစီအစဉ်က ပိုပြီး တိကျတဲ့ မြေပုံကို အသုံးပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

မာကာတာ မြေပုံနဲ့ ပတ်သက်လို့ ဝေဖန်သူတွေထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ ဂျာမနီ သမိုင်းပညာရှင် အာနို ပီတာက ၁၉၇၃ ခုနှစ်က Gall–Peters ကမ္ဘာ့မြေပုံကို အခြေခံပြီး ပီတာ ကမ္ဘာ့မြေပုံကို ရေးဆွဲခဲ့ပါသေးတယ်။ အဲဒီ မြေပုံကို မကာတာ မြေပုံအစား မကြာခဏ အသုံးပြုခဲ့ဖူးပါတယ်။

Ref:TheGuardian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.