ဝါရှင်တန်၊ စက်တင်ဘာ ၄

ကြုံတောင့်ကြုံခဲ ဟာရီကိန်း မုန်တိုင်း သုံးလုံးဟာ စက်တင်ဘာ ၃ ရက်က ပစိဖိတ် သမုဒ္ဒရာကို ဖြတ်သန်း မွှေနှောက် တိုက်ခတ်လာနေပြီး သမိုင်းတလျောက် အားအကောင်းဆုံး အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် ပူနွေးလာတဲ့ ရေပြင်ကြောင့်လို့ ယူဆရကြောင်း ပညာရှင်တွေက ပြောပါတယ်။

အပူပိုင်း မုန်တိုင်း မာရီဟာ ဘာဂျာဟာ ကယ်လီဖိုးနီးယား ကမ်းလွန်မှာ စက်တင်ဘာ ၃ ရက်က ဟာရီကိန်း မုန်တိုင်းအဖြစ် အားကောင်းလာခဲ့ပြီး သူ့ရဲ့ နောက်မှာ ဟာရီကိန်း မုန်တိုင်း ကာရီနာနဲ့ လိုဝယ်တို့ လိုက်ပါ တိုက်ခတ်နေတာ ဖြစ်ပါတယ်။

ကာရီနာနဲ့ လိုဝယ် မုန်တိုင်း နှစ်ခုစလုံးကို ကြီးမားတဲ့ မုန်တိုင်း အဆင့် ၄ အဖြစ် သတ်မှတ်ထားပြီး ပစိဖိတ်တဝှမ်း အနောက်ဖက်သို့ ရွေ့လျား တိုက်ခတ်နေတာ ဖြစ်ပါတယ်။

အပူပိုင်း ဟာရီကိန်း မုန်တိုင်း သုံးလုံး တပြိုင်နက်တည်း တိုက်ခတ်တာကို မြင်တွေ့ ရဖို့ခဲယဉ်းတယ်လို့ မီချီဂန် တက္ကသိုလ်က ရာသီဥတု သိပ္ပံပညာရှင် ဂျူလီယာ ကိုးလ်က ပြောပါတယ်။

အယ်လ်နီညို ရာသီဥတု အခြေအနေက မုန်တိုင်း သုံးလုံး ဖြစ်ပေါ်လာစေဖို့ အခြေအနေတွေ ဖန်တီးပေးခဲ့ကြောင်း၊ ရေပြင် ပူနွေးလာမှုနဲ့ အများကြီး သက်ဆိုင်နေကြောင်း သူက ပြောပါတယ်။

အပူပိုင်း ပစိဖိတ်ဒေသဟာ သာမန်ထက် ပိုမိုပူနွေးနေချိန်မှာ အားကောင်းတဲ့ မုန်တိုင်းတွေ ပိုများလာတာ မြင်တွေရလေ့ရှိတယ်လို့ ကိုးလ်က ပြောပါတယ်။

ဟာဝိုင်အီကျွန်း ဟီလိုမြို့ရဲ့ တောင်ဖက် မိုင် ၄၅၀ မှာ တိုက်ခတ်နေတဲ့ လိုဝယ်မုန်တိုင်းဟာ အနောက်ဖက်သို့ ရွေ့လျားနေပြီး လာမယ့် ရက်ပိုင်းအထိ အားကောင်းတဲ့ ဟာရီကိန်း မုန်တိုင်းအဖြစ် ဆက်ရှိနေမယ်လို့ အမျိုးသား ဟာရီကိန်း စင်တာ NHC က ပြောပါတယ်။

လိုဝယ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေကြောင့် အသက်အန္တရာယ် ရှိနိုင်ပြီး လာမယ့် ရက်ပိုင်းအတွင်း ဟာဝိုင်အီ ကျွန်းတွေဟာ မုန်တိုင်းဒဏ်ခံရနိုင်တယ်လို့ NHC က ပြောပါတယ်။

အဲဒီ မုန်တိုင်းရဲ့ ရှည်လျားတဲ့ လမ်းကြောင်းနဲ့ ပြင်းထန်မှုကို ကြိုတင် ခန့်မှန်းချက်တွေဟာ ပုံမှန်ထက် ပိုပြီး မသေချာ ဖြစ်နေတယ်လို့ သိရပါတယ်။

ဟာဝိုင်အီဟာ ပြီးခဲ့တဲ့လက ဘစ်အိုင်လန်းရဲ့ တောင်ပိုင်းကို ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်း လာလာရဲ့ ဒဏ်က နလန်ထူခါစပဲ ရှိပါသေးတယ်။

ကာရီနာမုန်တိုင်းဟာ အနောက်မြောက်ပိုင်းသို့ ရွေ့လျားလာချိန် စက်တင်ဘာ ၂ ရက် ညနေပိုင်းက အနည်းငယ် အားပျော့သွားပေမယ့်မယ့် နောက် နှစ်ရက် သုံးရက်လောက်အထိ ဟာရီကိန်း မုန်တိုင်းအဖြစ် ဆက်ရှိနေမယ်လို့ NHC က ပြောပါတယ်။

လိုဝယ်နဲ့ ကာရီနာ မုန်တိုင်းတို့ နောက်မှာ အရှေ့ဖက်သို့ ရွေ့လျား တိုက်ခတ် လိုက်ပါလာတာက မာရီ မုန်တိုင်း ဖြစ်ပါတယ်။

မာရီ မုန်တိုင်းဟာ ဘာဂျာ ကယ်လီဖိုးနီးယား တောင်ဖက်စွန်းရဲ့ အနောက်တောင်ဖက် မိုင် ၃၈၀ အကွာမှာ တိုက်ခတ်နေတာ ဖြစ်ပါတယ်။

ရေပြင် ပူနွေးမှုကြောင့် မုန်တိုင်းတွေ ဖြစ်ပေါ်ဖို့အတွက် လောင်စာထည့်ပေးသလို ဖြစ်နေပြီး အယ်လ်နီညို ရာသီဥတု အခြေအနေကြောင့် ဟာရီကိန်း မုန်တိုင်းတွေအားကောင်းလာစေဖို့ အခြေအနေတွေ ဖန်တီးနေတယ်လို့ မီယာမီ တက္ကသိုလ်က လေထု သိပ္ပံပညာရှင် ဘသ်ဂျမင် ကက်မန်းက ပြောပါတယ်။

ရာသီဥတု စနစ် သိသိသာသာ ပူနွေးလာတာဟာ နှစ်ပေါင်း နှစ်ဆယ် ဒါမှမဟုတ် အဲဒီလောက် ကြာနေပြီလို့ သူက ပြောပါတယ်။

ပင်လယ်ရေမျက်နှာပြင် အပူချိန် ပုံမှန်မဟုတ်တဲ့ အခြေအနေတွေ စံချိန်တင် မြင့်မားနေတာ ကြာပြီလို့ ကက်မန်းက ဆိုပါတယ်။

နောက်ထပ် ပြင်းထန်တဲ့ အယ်လ်နီညို ရာသီဥတု အခြေအနေ တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၅ ခုနှစ်ကလည်း အလားတူပဲ အပူပိုင်း မုန်တိုင်း လေးလုံးဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

အခုနှစ် အယ်လ်နီညို ရာသီဥတု အခြေအနေဟာ မှတ်တမ်း တင်ထားသမျှ အားအကောင်းဆုံး ဖြစ်လာနိုင်ခြေ ၆၉ ရာခိုင်နှုန်း ရှိကြောင်း အမျိုးသား သမုဒ္ဒရာနဲ့ လေထု ဌာနက ပြောပါတယ်။

အယ်လ်နီညိုကြောင့် ကမ္ဘာတဝှမ်း ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ဖြစ်ပေါ်နေပြီး ဖြစ်ပေမယ့် အောက်တိုဘာနဲ့ ဒီဇင်ဘာကြားမှာ အားအကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.