ဂျပန် စစ်တပ်အတွက် နိုင်ငံခြားသား ခေါ်ယူရေး အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ပယ်ချ

တိုကျို၊ စက်တင်ဘာ ၄

တပ်သားသစ် စုဆောင်းရေး အခက်အခဲ ရှိနေချိန် နိုင်ငံခြားသားတွေကို ခေါ်ယူရေးနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေကို တတ်သိပညာရှင်များ အဖွဲ့တစ်ဖွဲ့က အစဖော်ခဲ့ပြီးနောက် ဂျပန် စစ်တပ်ထဲ နိုင်ငံခြားသားတွေ ဝင်ရောက်နိုင်မယ့် အစီအစဉ်ကို ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက စက်တင်ဘာ ၄ ရက်မှာ ပယ်ချလိုက်ပါတယ်။

ဂျပန် စစ်တပ်အတွက် နိုင်ငံခြားသား ခေါ်ယူရေး မိမိတို့ စဉ်းစားနေတာ မရှိဘူးလို့ ဝန်ကြီး ကိုအိဇုမိက ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဂျပန်မှာ မွေးဖွားနှုန်း ကျဆင်းနေချိန်၊ သက်ကြီးရွယ်အို အရေအတွက် ပိုများလာနေချိန် စစ်မှုထမ်းခေါ်ယူရေးဟာ အဓိက စိတ်ခေါ်မှု တစ်ခု ဖြစ်နေတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

ဒါပေမဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ လူတွေကိုပဲ မိမိတို့ ထိပ်တန်း ဦးစားပေးသွားမှာ ဖြစ်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးက တုံ့ပြန်ပါတယ်။

ဂျပန် စစ်တပ်ရဲ့ စွမ်းဆောင်ရည် အားကောင်းလာစေရေး အကြံပြုမှု တစ်စိတ် တစ်ပိုင်းအဖြစ် နိုင်ငံခြားသား ခေါ်ယူရေး အစီအစဉ်ကို ဆာဆာကာဝါ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း ကျွမ်းကျင်သူတွေက တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အကြံပြုချက်ကို စက်တင်ဘာ ၂ ရက်မှာ ဝန်ကြီး ကိုအိဇုမိဆီကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

အနာဂတ်မှာလည်း ဂျပန် လူဦးရေ ဆက်လက် လျော့ကျမယ့် အလားအလာ ရှိနေတာကြောင့် ဂျပန် စစ်တပ်အတွက် နိုင်ငံခြားသား ခေါ်ယူနိုင်ခြေကို ရိုးရိုးသားသား စဉ်းစားဖို့ အချိန်ကျပြီလို့ ယုံကြည်ကြောင်း ကျွမ်းကျင်သူများ အဖွဲ့က သူတို့ရဲ့ အကြံပြုချက်တွေထဲမှာ ဖော်ပြထားပါတယ်။

မူအရ အစိုးရဝန်ထမ်းတွေအတွက် ဂျပန် နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ လိုအပ်ချက်ကြောင့်လည်း နိုင်ငံခြားသားတွေကို ခေါ်ယူရေး အကြံအတွက် လုံလောက်တဲ့ စဉ်စားမှု မရှိ ဖြစ်နေတာ ဖြစ်ကြောင်း အဲဒီ အဖွဲ့က ပြောထားပါတယ်။

ဒါပေမဲ့ နောက်ကြောင်း ရာဇဝင် စစ်ဆေးမှုတွေ၊ ယုံကြည်စိတ်ချမှုဆိုင်ရာ သဘောတူညီမှုတွေ ထားရှိတာတို့လို တချို့သော အခြေအနေတွေနဲ့ ကိုက်ညီမယ်ဆိုရင် နိုင်ငံခြားသားတွေအနေနဲ့ အကန့်အသတ်ရှိတဲ့ လုပ်ဆောင်ချက်တွေမှာ ပါဝင်ဖို့ နေရာရရှိလာမှာ ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ဆိုတာပါ။

ဒါပေမဲ့ နိုင်ငံခြားသားတွေအတွက် လျှို့ဝှက် အချက်အလက်တွေထဲ ဝင်ရောက်နိုင်မှုကို ကန့်သတ်ထားသင့်တယ်လို့ အဲဒီ အဖွဲ့က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဂျပန် စစ်တပ်ရဲ့ ဂုဏ်သတင်း အားကောင်းအောင် လုပ်ဆောင်ပြီး အခြေအနေ တိုးတက်လာစေရေး အဓိက အာရုံစိုက်သင့်တယ်လို့ အဲဒီအစီအစဉ်ကို ဝေဖန်သူတွေက ထောက်ပြပါတယ်။

လာမယ့် ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ကို ကန်ဒေါ်လာ ၅၅ ဘီလီယံ (ယန်း ၈ ဒသမ ၉ ထရီလီယံ) အထိ စံချိန်တင်သုံးစွဲဖို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ရည်မှန်းထားပါတယ်။

နိုင်ငံ့ လူဦးရေ လျော့ကျလာတာနဲ့အတူ ဂျပန်စစ်တပ်အတွက် တပ်ဖွဲ့ဝင် အသစ် ခေါ်ယူရေး အခက်အခဲတွေ ကြုံနေတာ နှစ်များစွာ ကြာပြီ ဖြစ်ပါတယ်။

Ref:TheJapanTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.