ကျောင်းသား ၂၀၀၀ ခန့် အဆိပ်သင့်မှုကို စုံစမ်းစစ်ဆေးပေးရေး အင်ဒိုနီးရှား ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့ တောင်းဆို

ဂျကာတာ ၊ စက်တင်ဘာ ၄

ကျောင်းသားတွေကို အစားအစာ အခမဲ့ ကျွေးမွေးရေး သမ္မတ ပရာဘိုဝို ဆူဘီယံနိုရဲ့ အထင်ကရ စီမံကိန်းနဲ့ ဆက်စပ်ပြီး ကျောင်းသား ၂၀၀၀ ခန့် အဆိပ်မိမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးပေးဖို့ အင်ဒိုနီးရှား ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့က စက်တင်ဘာ ၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်စက သမ္မတ ပရာဘိုဝို စတင်ခဲ့တဲ့ အာဟာရချို့မှု ကင်းစင်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် အစိုးရက ကျွေးမွေးတဲ့ နေ့လယ်စာစားမိပြီးနောက် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ ၂၀၀၀ ခန့် နာမကျန်း ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖြစ်ရပ်တွေဟာ အင်ဒိုနီးရှားရဲ့ အနည်းဆုံး အဓိက ကျွန်းနှစ်ကျွန်းမှာ သီးခြား ဖြစ်ရပ်တွေအတွင်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အစားအစာ စားသုံးခွင့် အထူးသဖြင့် ဘေးအန္တရာယ် ကင်းစွာစားသုံးနိုင်တဲ့ အစားအစာ စားသုံးခွင့်ဟာ လူ့အခွင့်အရေးတွေ ဖြစ်တယ်လို့ Komnas HAM လို့ ခေါ်တဲ့ အင်ဒိုနီးရှား အမှီအခိုကင်းတဲ့ လူ့အခွင့်အရေးအဖွဲ့က ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ကျောင်းသားတွေနဲ့ ဆရာတွေ အဆိပ်မိတဲ့ ဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးပေးဖို့ အဲဒီ လူ့အခွင့်အရေး အဖွဲ့က အင်ဒိုနီးရှား ရဲတပ်ဖွဲ့ထံ တိုက်တွန်းထားပေမယ့် အသေးစိတ်ကို မဖော်ပြထားပါဘူး။

ဒီလို တောင်းဆိုထားမှုနဲ့ ပတ်သက်လို့ ရိုက်တာ သတင်းဌာနက အင်ဒိုနီးရှား အမျိုးသား အစိုးရထိ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ဆိုပါတယ်။

အစာအဆိပ်သင့်မှု ဖြစ်ပေါ်မှုအတွက် တာဝန်ရှိတဲ့ ချက်ပြုတ်ရေးနေရာတွေကိုလည်း ပိတ်သိမ်းဖို့ အစားအစာ အခမဲ့ ကျွေးမွေးရေး စီမံကိန်းကို ကြီးကြပ်နေတဲ့ အမျိုးသား အာဟာရဖြည့်တင်းရေး အေဂျင်စီကိုလည်း လူ့အခွင့်အရေး အဖွဲ့က တိုက်တွန်းထားပါတယ်။

တောင် ဆူလာဝေစီ ဒေသမှာ စက်တင်ဘာ ၃ ရက်က ကျောင်းသားတွေ အခမဲ့ နေ့လယ်စာ စားသောက်ပြီးနောက် ကျောင်းသားတွေနဲ့ ဆရာတွေ ၁၇၀ လောက် နာမကျန်း ဖြစ်ခဲ့ပါတယ်။

ဗဟို ဂျာဗား၊ အရှေ့ဂျာဗားနဲ့ အနောက် ဆူမတြားမှာ ကျောင်းသား ၁၇၀၀ ကျော် အလားတူ အစာအဆိပ်ဖြစ်ခဲ့ပြီးနောက် တောင်ဆူလာဝေစီမှာ အလားတူ ဖြစ်ပွားခဲ့တာပါ။

အဲဒီ စီမံကိန်းကို ကြီးကြပ်နေတဲ့ အေဂျင်စီက စက်တင်ဘာ ၄ ရက်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အကြောင်းအရင်းကို မဖော်ပြသလို ကျင်းပဖို့ ပြန်စီစဉ်ထားသလား ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။

မှတ်ချက်ပြုပေးဖို့ ဆက်သွယ်တာကို တုံ့ပြန်မှု မရှိပေမယ့် အေဂျင်စီ ခေါင်းဆောင် ဆူဒါရီနိုက အစာအဆိပ်မိတဲ့ ဖြစ်ရပ်တွေကို အလေးအနက် ကိုင်တွယ်သွားမယ်လို့ စက်တင်ဘာ ၃ ရက်မှာ ပြောဆိုခဲ့တာပါ။

အစားမစာတွေကို အသေအချာ သိုလှောင်သိမ်းဆည်း မထားတာ ချက်ပြုတ်ပြီး စားစရာတွေကို ပေးပို့မှု နောက်ကျတာတို့ကြောင့် မကြာခဏဆိုသလို အစာအဆိပ်ဖြစ်မှုတွေ ဖြစ်ပွားလေ့ ရှိပါတယ်။

စက်တင်ဘာ ၁ ရက်အထိ အစာအဆိပ်ဖြစ်မှုကြောင့် ထိခိုက်သူ ၁၅၀၀၀၀ ရှိတယ်လို့ လွှတ်တော်အမတ် ချားစ် ဟိုနိုရစ်က စက်တင်ဘာ ၂ ရက်မှာ ပြောပါတယ်။

သဘောထား စစ်တမ်း ကောက်ယူရာမှာ အစားအစာ အခမဲ့ ကျွေးမွေးတဲ့ အစီအစဉ်ကို ကျေနပ်သူ အင်ဒိုနီးရှား နိုင်ငံသား သုံးပုံ တစ်ပုံပဲ ရှိကြောင်း ဖော်ပြထားပြီး အစာအဆိပ် ဖြစ်မှုက မနှစ်သက်ရတဲ့ အဓိက အကြောင်းရင်း ဖြစ်ကြောင်း သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.