ဂျာကာတာ စက်တင်ဘာ ၅
အင်ဒိုနီးရှားနိုင်ငံရဲ့ တည်ဆောက်ဆဲ မြို့တော်သစ် နူဆန်တရာအနီးအထိ တောမီးတွေ စတင်ပျံ့နှံ့လာတာကြောင့် မိုးရွာအောင် လုပ်ဆောင်ဖို့၊ လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရေဖြန်းငြှိမ်းသတ်ဖို့ အရေးပေါ်ဆောင်ရွက်ပေးရေး တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဘော်နီယိုနဲ့ ဆူမားတြားကျွန်းတွေမှာ တောမီးတွေ ဆက်လက်လောင်ကျွမ်းနေပြီး ပြည်နယ် ၆ ခုမှာ အခြေအနေအဆိုးဆုံးဖြစ်နေပါတယ်။ စုစုပေါင်း မီးလောင်ကျွမ်းတဲ့ဧရိယာဟာ ၇၃,၃၁၁ ဟက်တာအထိ ရှိလာပါတယ်။
ဇူလိုင်လကတည်းက ခြောက်သွေ့ရာသီ စတင်ပြင်းထန်လာတာနဲ့အမျှ ဘော်နီယိုကျွန်းမှာ မီးလောင်မှုတွေ တိုးလာခဲ့ပေမယ့် နူဆန်တရာမြို့ တည်ရှိတဲ့ အရှေ့ပိုင်းဒေသကတော့ အခုအချိန်အထိ အခြေအနေကောင်းနေခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာတော့ မြို့တော်သစ် ပတ်ဝန်းကျင်အထိ မီးတွေ ပျံ့နှံ့လာပြီဖြစ်ပါတယ်။
စက်တင်ဘာ ၂ ရက်အထိ နူဆန်တရာမြို့ ပတ်ဝန်းကျင်မှာ မီးလောင်ကျွမ်းထားတဲ့ဧရိယာဟာ ဟက်တာ ၄၀၀ ခန့် ရှိလာပြီး အကြီးဆုံးမီးလောင်မှုကတော့ မြို့တော်သစ်ကနေ ၅၀ ကီလိုမီတာခန့်အကွာ ဘူကစ်ဆူဟာတို သစ်တောဥယျာဉ်မှာ ဖြစ်ပွားနေပြီး ဟက်တာ ၃၀၀ ခန့် မီးလောင်ထားပါတယ်။
အင်ဒိုနီးရှားသဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အခက်ခဲဆုံး ခြောက်သွေ့ရာသီနဲ့ ရင်ဆိုင်နေရပြီး စူပါအယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကလည်း မီးလောင်မှုအခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လက်ရှိမှာ အင်ဒိုနီးရှားက လေယာဉ် ၅၃ စင်း အသုံးပြုပြီး မီးလောင်ရာနေရာတွေကို ရေဖြန်းငြှိမ်းသတ်တာနဲ့ မိုးလှုံ့ဆော်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ဂျပန်နိုင်ငံကလည်း လေယာဉ်နဲ့ ဝန်ထမ်းတွေ စေလွှတ်ပြီး ကူညီနေပါတယ်။
မိုး လှုံ့ဆော်ဖို့အတွက် လက်ရှိမှာ တိမ်ပမာဏ မလုံလောက်သေးပေမယ့် အခြေအနေကောင်းလာရင် ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
မိုးရွာစေဖို့အတွက်လည်း နူဆန်တရာမြို့ မှာ မွတ်စလင် ရာနဲ့ချီ စုဝေးပြီး မိုးခေါ် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။
အင်ဒိုနီးရှားက ဒေါ်လာ ၃၂ ဘီလီယံခန့် ကုန်ကျမယ့် နူဆန်တရာ မြို့တော်သစ်စီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ စတင်ကြေညာခဲ့တာဖြစ်ပြီး လက်ရှိသမ္မတ ပရာဘိုဝို ဆူဘီယန်တိုလက်ထက်မှာတော့ စီမံကိန်းနှောင့်နှေးမှုနဲ့ ဘတ်ဂျက်လျှော့ချမှုတွေ ကြုံနေရပါတယ်။
Ref:Reuters

